ဦးနှောက်သေသွားတဲ့ လူနာတွေကနေ ကိုယ်တွင်းအင်္ဂါ အလှူခံပြီး ကျောက်ကပ်အစားထိုးဖို့ လိုအပ်နေတဲ့ လူနာတွေကို ၄၈ နာရီအတွင်း ခွဲစိတ်ကုသပေးနိုင်တော့မှာဖြစ်တယ်လို့ ရန်ကုန်အထူးကု ဆေးရုံကြီး၊ ဆီးကျောက်ကပ် ခွဲစိတ်ဌာနရဲ့ ပါမောက္ခဒေါက်တာ ကျော်စွာလှိုင်က ပြောပါတယ်။ 
 
ဦးနှောက်သေတဲ့လူနာတွေက ၄၈ နာရီကနေ ၇၂ နာရီအတွင်းပဲ အသက်ရှင်နိုင်တာကြောင့် အဲ့ဒီိအချိန်အတွင်း လူနာရှင်ရဲ့ မိသားစုကို နှစ်သိမ့်ဆွေးနွေးအကြံပေးတာတွေ ပြုလုပ်ပြီး ကိုယ်တွင်းအင်္ဂါလှူဒါန်းပေးဖို့ တိုက်တွန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 
 
ကျောက်ကပ်အစားထိုးဖို့ ရပြီဆိုတာနဲ့ သွေးအုပ်စု၊ တစ်သျှူးစတို့ကို အစားထိုးမယ့်သူနဲ့ တူညီမှု ရှိ၊ မရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှာ စစ်ဆေးပြီး ကိုက်ညီခဲ့ရင် ၄၈ နာရီအတွင်း ကျောက်ကပ်အစားထိုးမှု ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ အဆိုပါ အစားထိုးမှုကို ဒီနှစ်အတွင်း ပြုလုပ်နိုင်ရန် ကြိုးစားဆောင်ရွက်နေပြီး ခွဲစိတ်ကုသဖို့ ဆရာဝန်တွေကို ပုံမှန်လေ့ကျင့်ရေးတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။
 
ဦးနှောက်သေတဲ့လူနာတွေထံကနေ ကျောက်ကပ်၊ အသည်းစတဲ့ ကိုယ်တွင်းအင်္ဂါ အလှူခံပြီး အစားထိုးကုသမှု တရားဝင် ပြုလုပ်နိုင်ဖို့ နိုင်ငံတော်အစိုးရက ၁၉၈၄ ခုနှစ်တည်းက ဥပဒေပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဦးနှောက်သေတဲ့ လူနာရဲ့မိသားစုတွေက ကိုယ်တွင်းအင်္ဂါရယူဖို့ ခွင့်ပြုခြင်းမရှိတာကြောင့် ပြီးခဲ့တဲ့ ၂၅ နှစ်ကတည်းကနေ ယနေ့အချိန်ထိ ဦးနှောက်သေတဲ့ လူနာကနေ ကိုယ်တွင်း အင်္ဂါရယူပြီး အစားထိုးကုသခဲ့မှု တစ်ကြိမ်သာ ရှိသေးတယ်လို့ ဆီးကျောက်ကပ်ခွဲစိတ်ဌာနမှ သိရပါတယ်။
 
မြန်မာနိုင်ငံမှာ ရေရှည်ကျောက်ကပ်ပျက်စီးမှုကြောင့် ကျောက်ကပ်အစားထိုးနိုင်ရန် စောင့်ဆိုင်းနေရတဲ့ လူနာတွေထဲက ဆယ်ရာခိုင်နှုန်းသာ အစားထိုးကုသမှု လုပ်နိုင်ပါသေးတယ်။
ကျောက်ကပ်ကိုလည်းဆွေမျိုးနီးစပ်ကနေသာရယူ အစားထိုးခွင့်ပြုထားတာဖြစ်ပြီး အလှူရှင်မရှိတာကြောင့်ကျောက်ကပ်အစားထိုးရမယ့်သူ ဆယ့်တစ်ယောက် ရန်ကုန်အထူးကုဆေးရုံကြီးမှာ 
စောင့်ဆိုင်းနေရတယ်လို့သိရပါတယ်။
 
 
 

Related News