ဆီးချိုသွေးချို ကုသရေးနဲ့ ပတ်သက်သည့် သာဓကပြု၊ အထောက်အကူပြု ဆေးပညာ အချက်အလက်သင်တန်း CCEBDM, MM ကို မေလ ၁၃ ရက်က မန္တလေးမြို့ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြနန္ဒာခန်းမမှာ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ဒီသင်တန်းကို မြန်မာနိုင်ငံမှာရှိတဲ့ ဆရာဝန်တွေအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဟော်မုန်းရောဂါဗေဒအဖွဲ့)၊ မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်းနှင့် အိန္ဒိယနိုင်ငံ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း တို့ ပူးပေါင်းဖွင့် လှစ်ပေးတာဖြစ်ပါတယ်။ သင်တန်းဟာ ဆီးချိုသွေးချိုရောဂါနဲ့ပတ်သက်ပြီး ကမ္ဘာနဲ့အ၀ှမ်းမှာ ပြုလုပ်နေတဲ့ သုတေသနတွေ့ရှိချက်တွေ၊ နောက်ဆုံးပေါ်အချက်တွေကို ကုသရေးမှာ ပြန်လည်အသုံးချနိုင်ဖို့နဲ့ နိုင်ငံတကာ အဆင့်အတန်းမီ ကုသနိုင်ရေးအတွက် ရည်ရွယ်တယ်လို့ ပါမောက္ခ ဒေါက်တာ တင့်ဆွေလတ်က ပြောပါတယ်။

ဒီသင်တန်းရဲ့ သင်ရိုးညွှန်းတန်းကို အပြည်ပြည်ဆိုင်ရာ ဆီးချိုသွေးချိုရောဂါ အဖွဲ့ချုပ်က အသိအမှတ်ပြုထားတဲ့ အန်္ဒိယနိုင်ငံ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းက သင်ရိုးညွှန်းတန်းအတိုင်း သင်ကြားပေးမှာဖြစ်တယ်လို့သိရပါတယ်။ ဒီသင်တန်းကို ဆီးချိုသွေးချိုရောဂါကုသရေးကို စိတ်ပါဝင်စားတဲ့ ဆရာဝန်တိုင်းတက်ရောက်နိုင်တယ်လို့ ဆိုပါတယ်။ သင်တန်းကို တစ်လမှာ ၁ ရက် သင်ကြားပေးမှာဖြစ်ပြီး သင်တန်းကာလ ၁၂ လ ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးရင် အိန္ဒိယနိုင်ငံက စစ်ဆေးမယ့် စာမေးပွဲကို ဖြေဆိုရမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ယခု သင်ရိုးညွှန်းတမ်းကို ၈နှစ်ကျော်ကာလအတွင်း ဆရာဝန်းပေါင်း ၅ သောင်းနီးပါးကို သင်ကြားပေးပြီးဖြစ်တယ်လို့ သိရပါတယ်။သင်တန်းတစ်ခုကို ဆရာဝန် သင်တန်းသား ၂၀ ၀န်းကျင်နဲ့ လက်ရှိ ရန်ကုန်မြို့မှာ သင်တန်းစင်တာ ၂ခု မန္တလေးမြို့မှာ သင်တန်းစင်တာ ၁ခု နဲ့ စုစုပေါင်း ၆၀ ဦး ၀န်းကျင်ကို သင်ကြားပေးနေပါတယ်။ သင်တန်းကို တောင်ကြီး၊ မကွေး၊ တောင်ငူ၊ မုံရွာ၊ မောလမြိုင်၊ မြစ်ကြီးနား စတဲ့မြို့တွေမှာ ဆက်လက်ဖွင့်လှစ်သင်ကြားပေးမယ်လို့ သိရပါတယ်။

 

 

Related News