အသက်လေးဆယ်ကျော်နောက်ပိုင်းမှသာတွေ့ရှိရတတ်တဲ့ ဆီးချိုရောဂါအဆင့်နှစ်က ကလေးတွေမှာလည်း ဖြစ်ပွားလာတယ်လို့ မေလ(၂၇)ရက်ကဂရန်းဒ်ဟံသာဆေးရုံမှာ ပြုလုပ်တဲ့ ဆီးချိုရောဂါဆိုင်ရာအသိပညာပေးပွဲမှာ အ၀လွန်နဲ့ အာဟာရပညာဆိုင်ရာ တာဝန်ခံသမားတော်ကြီးက ပြောပါတယ်။
ဆီးချိုရောဂါကိုအဆင့်တစ်နဲ့အဆင့်နှစ်သတ်မှတ်ထားပြီး အဆင့်တစ်ကမွေးရာပါ အင်ဆူလင်ချို့တဲ့တာကြောင့် ဆီးချိုရောဂါခံစားရတာဖြစ်ပါတယ်။ အဆင့်နှစ် ဆီးချိုရောဂါကတော့ အသက်လေးဆယ်ကျော်နောက်ပိုင်းမှသာ ဖြစ်ပွားလေ့ရှိပေမယ့် ဂရန်းဒ်ဟံသာဆေးရုံမှာ ဆီးချိုရောဂါ အဆင့်နှစ်ခံစားနေရတဲ့ အသက်ဆယ့်တစ်နှစ်ကနေ ဆယ့်နှစ်နှစ်အရွယ်ကလေးတွေကို လက်ခံကုသ ပေးနေရတယ်လို့ အာဟာရပညာဆိုင်ရာတာဝန်ခံသမားတော်ကြီးက ပြောပါတယ်။
စားသောက်နေထိုင်မှု ပုံစံပြောင်းလဲလာပြီး ကိုယ်လက်လှုပ်ရှားမှု နည်းလာတာကြောင့် သက်ကြီးပိုင်းမှာသာဖြစ်ပွားတတ်တဲ့ဆီးချိုရောဂါ အဆင့်နှစ်ကို ကလေးတွေမှာတွေ့ရှိလာရတာ ဖြစ်တယ်လို့၎င်းကဆိုပါတယ်။ ဒါကြောင့်ဆီးချိုရောဂါ ရှိသူတွေနဲ့မရှိသူတွေရော ကာဗွန်ဟိုက်ဒရိတ် (ကစီဓာတ်ကို)နေ့စဉ်တွက်ချက်စားသောက်ဖို့ လိုအပ်ကြောင်းပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ စစ်တမ်းအရ မြန်မာနိုင်ငံရဲ့ မြို့ပြမှာ ဆီးချိုရောဂါ ဖြစ်ပွားနေသူ(၁၂)ရာခိုင်နှုန်းကျော်နဲ့ကျေးလက်မှာ (၈)ရာခိုင်နှုန်းကျော်ဆီးချိုရောဂါ ဖြစ်ပွားနေကြောင်း သိရပါတယ်။ ဂရန်းဒ်ဟံသာဆေးရုံမှာ လတစ်လရဲ့ နောက်ဆုံးအပတ် တနင်္ဂနွေနေ့တိုင်းမှာ ဆီးချိုဝေဒနာရှင်တွေအတွက်လိုအပ်တဲ့ ကျန်းမာရေးဗဟုသုတတွေကို ဝေမျှတဲ့ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
