မန္တလေးမြို့ ကုတင်(၅၀၀)ဆံ့ အရိုးအထူးကုဆေးရုံကြီးမှာမွေးရာပါခြေခွင်ကလေးငယ်များကို အခမဲ့ကုသပေးနေတယ်လို့ ဇွန်လ(၄)ရက်နေ့က မန္တလေးမြို့ ကုတင်(၅၀၀)ဆံ့ဆေးရုံမှာ ပြုလုပ်တဲ့ ကမ္ဘာ့ခြေခွင်ကလေးများနေ့အထိမ်းအမှတ်ပွဲက သိရပါတယ်။ မွေးရာပါခြေခွင်တာဟာ ကလေးငယ်အယောက် ၅၀၀၀ မှာ တစ်ယောက်နှုန်းဖြစ်ပွားတယ်လို့ သိရပါတယ်။ မွေးရာပါခြေခွင်ကလေးအများစုမှာ မွေးရာပါအာရုံကြောအားနည်းခြင်း၊ မိခင်မှကလေးမီးမဖွားခင်ပုံမှန်မဟုတ်တဲ့နေထိုင်မှုတွေကြောင့်ဖြစ်သလို တခြားအကြောင်းအရာတွေကြောင့်လည်း ရောဂါဖြစ်ပွားနိုင်တယ်လို့သိရပါတယ်။

မန္တလေးမြို့ ကုတင်(၅၀၀)ဆံ့ အရိုးအထူးကုဆေးရုံကြီးမှာ ၂၀၁၃ ခုနှစ်မေလက စတင်ကာ မွေးရာပါခြေခွင်ကလေးငယ်များကို အခမဲ့ကုသပေးနေတာဖြစ်ပါတယ်။ မွေးရာပါခြေခွင်ကလေးငယ်များကုသဌာနမှာ မွေးပြီးစကလေး အသက်(၂)ပတ် မှ(၁၂)နှစ်အရွယ်ကလေးငယ်ထိ ကုသပေးတာဖြစ်တယ်လို့သိရပါတယ်။

မန္တလေးမြို့ ကုတင် ၅၀၀ဆံ့ အရိုးအထူးကုဆေးရုံကြီးမှာ မွေးရာပါခြေခွင်ကလေးငယ် (၄၀၀)ကျော်ကုသပေးပြီး ဖြစ်တယ်လို့သိရပါတယ်။ မွေးရာပါ ခြေခွင်ကလေးငယ်တွေကို စမ်းသပ်မှုတွေပြုလုပ်ပြီး ကျောက်ပတ်တီးကို ပုံမှန်အနေနဲ့ အနည်းဆုံး(၅)ပတ် မှ (၈) ပတ်ထိ စည်းပေးကာ သံဘားတန်းတပ်ဖိနပ်တို့ဖြင့် အဆင့်ဆင့် မခွဲစိတ်ဘဲကုသနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုကုသပေးရာမှာ အသက်(၁)နှစ်အောက်ကလေးငယ်တွေကို အဓိကကုသပေးတာဖြစ်ပြီး ၉၅ ရာခိုင်နှုန်း အောင်မြင်မှုရှိတယ်လို့သိရပါတယ်။ 

မွေးရာပါခြေခွင်ကလေးငယ်များကို မန္တလေးမြို့ ကုတင်(၅၀၀)ဆံ့ အရိုးအထူးကုဆေးရုံကြီး မွေးရာပါခြေခွင်ကလေးငယ်များကုသဌာနမှာ အပတ်စဉ် တနင်္လာနေ့တိုင်း နံနက် ၇ နာရီ မှ ညနေ ၄ နာရီထိ လာရောက်ကုသနိုင်ပြီး ကုသမှုကို Walk For Life နဲ့ Miracle Feet ကအဓိက ပံပိုးပေးတာဖြစ်တယ်လို့သိရပါတယ်။ မွေးရာပါခြေခွင်ကလေးငယ်တွေကို ရန်ကုန်၊ မန္တလေး ၊မကွေး ၊ တောင်ကြီး ၊ မြစ်ကြီးနား နဲ့၊ ပုသိမ်မြို့ တို့မှာလည်း ကုသမှုတွေပြုလုပ်နိုင်တယ်လို့သိရပါတယ်။

 

 

 

 

Related News