ယခုနှစ် ပထမငါးလအတွင်း ရန်ကုန်တိုင်းမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးခဲ့တဲ့ ကလေးငါးဦးအထိ ရှိခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မေလ ၃၁ ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံစားရတာကြောင့် ရန်ကုန်တိုင်းမှာကလေးငါးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ကလေးတွေက တွံတေး၊ ကွမ်းခြံကုန်း၊ ကြည့်မြင်တိုင်၊ အင်းစိန်နဲ့သာကေတမြို့နယ်တို့မှ ဖြစ်ပါတယ်။ ယခုနှစ် ပထမငါးလအတွင်းမှာပဲ သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငါးဦးသေဆုံးခဲ့တဲ့အတွက် ရန်ကုန်မှာ ခြင်ကျားလောက်လန်း နှိမ်နင်းရေးလုပ်ငန်းတွေ ထပ်တိုးဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ သွေးလွန်တုပ်ကွေးနှင့်ဆင်ခြေထောက် စီမံချက်မန်နေဂျာက ပြောပါတယ်။

ရန်ကုန်တိုင်းမှာ ပြီးခဲ့တဲ့နှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ခုနစ်ထောင်ကျော်အထိရှိခဲ့ပြီး သေဆုံးခဲ့သူ ခြောက်ဆယ်ကျော်အထိရှိခဲ့ကာ ဖြစ်ပွားမှုနှုန်းနှစ်စဉ် မြင့်တက်လာတယ်လို့သိရပါတယ်။ ဒါကြောင့် ယခုနှစ်မှာတော့ သွေးလွန်တုပ်ကွေးရောဂါကို ထိန်းချုပ်နိုင်ဖို့ မိုးဦးကျကာလကစပြီး ခြင်ကျား၊ပိုးလောက်လန်း နဲ့ သက်ကြီးခြင်နှိမ်နင်းရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ 

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းမြင့်မားတဲ့ လှိုင်သာယာ၊ အင်းစိန်နဲ့ တောင်ဒဂုံတို့အပြင် အခြားမြို့နယ် နှစ်ဆယ်မှာလည်း ပိုးလောက်လန်းနှိမ်နင်းရေးတွေလုပ်ဆောင်ဖို့ အဘိတ်ဆေးတွေ အချိုးကျခွဲဝေပြီး ဖြစ်တယ်လို့ ပြောပါတယ်။ ယခုနှစ်အတွက် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ပြင်ဆင်ထားမှု အခြေအနေတင်ပြခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ(၅)က Summit Park View Hotel မှာ ပြုလုပ်ခဲ့ပါတယ်။  

 

 

 

 

Related News