ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ကင်ဆာရောဂါဝေဒနာသည်ဦးရေ သုံးထောင်ကနေ လေးထောင်အကြားနှစ်စဉ် လာရောက်ပြသနေကြပြီး လေးဆယ်ရာခိုင်နှုန်းကို ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့တယ်လို့ ကင်ဆာရောဂါဆေးပညာဌာနရဲ့ အထူးကုဆရာဝန်ကြီးကပြောပါတယ်။မြန်မာ့လူနေမှုစနစ်မှာ ကင်ဆာရောဂါဖြစ်ပြီဆိုတာနဲ့ ကုရာနတ္ထိဆေးမရှိ ဖြစ်သွားပြီဆိုတဲ့ အယူအဆကို ပျောက်စေလိုတာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ဇွန်လ ၇ ရက်က ကင်ဆာရောဂါကုသအောင်မြင်သူများ ဂုဏ်ပြုပွဲကို ပထမဆုံး ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ကင်ဆာရောဂါဆေးပညာဌာနရဲ့ အထူးကုဆရာဝန်ကြီးကပြောပါတယ်။

ကင်ဆာရောဂါကို စောစီးစွာသိရှိရန်လိုအပ်ပြီး သိပြီးတာနဲ့ ဆေးမြီးတိုတွေနဲ့မကုပဲ ရန်ကုန်ဆေးရုံကြီးကဲ့သို့ ကင်ဆာရောဂါဌာနရှိတဲ့ ဆေးရုံတွေမှာကုသမှုကို စနစ်တကျခံယူရမယ်လို့ ၄င်းက ဆိုပါတယ်။ ကင်ဆာရောဂါအမျိုးအစားနဲ့ အဆင့်အလိုက် ဆေးသွင်းတာ၊ ခွဲစိတ်တာနဲ့ ဓာတ်ရောင်ခြည်ကင်တာတွေကို ရက်ချိန်းမှန်မှန်ကုသမယ်ဆိုရင် ပျောက်ကင်းအောင်ကုသနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ သားဥအိမ်ပြွန်ကင်ဆာရောဂါ အဆင့်တစ်ဖြစ်နေတာကို ပြီးခဲ့တဲ့နှစ်ကုန်ခါနီးမှ သိခဲ့ပေမယ့် ရန်ကုန်ဆေးရုံကြီးရဲ့ ကင်ဆာရောဂါဆေးပညာဌာနမှာ ပုံမှန်ဆေးသွင်းခဲ့သူ ဒေါ်လတ်လတ်မိုးကတော့ ယခုနှစ်လေးလပိုင်းမှာပဲ ကင်ဆာရောဂါကို အမြစ်ပြတ်ကုသနိုင်ခဲ့ပါတယ်။

ကင်ဆာရောဂါ ခံစားရတာကိုသိတာနဲ့ ဆေးရုံတွေမှာ စနစ်တကျ ကုသမှုခံယူဖို့ သူကတိုက်တွန်းခဲ့ပြီး ခြောက်လအတွင်း ကင်ဆာရောဂါကို ကုသပျောက်ကင်းပြီး အနိုင်ယူခဲ့တဲ့ပုံကိုလည်း ပြောပြခဲ့ပါတယ်။ယခု ပြုလုပ်တဲ့ ကင်ဆာရောဂါကုသပျောက်ကင်းအောင်မြင်ခဲ့တဲ့သူတွေကို ဂုဏ်ပြုတဲ့ပွဲက ရန်ကုန်ဆေးရုံကြီးမှာ ပထမဆုံးပြုလုပ်တာဖြစ်ပြီး ကင်ဆာရောဂါကုသအောင်မြင်ခဲ့သူ အယောက်နှစ်ရာနီးပါး တက်ရောက်ခဲ့ပါတယ်။ ကင်ဆာရောဂါတွေထဲမှာ ရင်သားကင်ဆာက လေးဆယ်ရာခိုင်နှုန်းကျော်အထိ ဖြစ်ပွားလျက်ရှိပြီး ဆေးရွက်ကြီးသုံးစွဲလို့ နောက်ဆက်တွဲဖြစ်ပွားလာတဲ့ ခံတွင်းကင်ဆာ၊ ပါးစောင်ကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာတွေ အဖြစ်များလာတယ်လို့ ရန်ကုန်ဆေးရုံကြီးမှ သိရပါတယ်။ 

 

 

Related News