လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်နဲ့ကျေးရွာအုပ်စုတွေမှာ  ခြင်ကျားပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်းတွေကို အပတ်စဉ်ဆောင်ရွက်နေတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်ရူပါစိုးက ပြောပါတယ်။ အပတ်စဉ် ဗုဒ္ဓဟူး၊ သောကြာနဲ့ စနေနေ့တွေမှာ လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေးဌာနမှအဖွဲ့တွေက ခြင်ကျားပိုးလောက်လန်းနှိမ်နင်းရေး လုပ်ငန်းတွေကို အိမ်တိုင်ရာရောက် ကွင်းဆင်း ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်က ရပ်ကွက် (၂၀)ရပ်ကွက်နဲ့ ကျေးရွာအုပ်စု (၉)ခုမှာ ဖုံး၊သွန်၊လဲ၊စစ် အသိပညာပေးတာနဲ့ ခြင်ထောင်တွေကို ဆေးစိမ်ပေးတာတွေ အလှည့်ကျ ပြုလုပ်ပေးနေတာပါ။

လှိုင်သာယာမြို့နယ်မှာ နေထိုင်သူဦးရေ ကိုးသိန်းနီးပါးရှိပြီး လူဦးရေထူထပ်တာကြောင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်ရန်အခက်အခဲတွေရှိနေပြီး ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်မှု အားနည်းနေသေးတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခင်ရူပါစိုးက ပြောပါတယ်။ ယခုနှစ် ဇန်နဝါရီလ(၁)ရက်ကနေ ဇွန်လ(၁၅)ရက်အတွင်း လှိုင်သာယာမြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ ၇၄ ဦးအထိ ရှိနေပြီး သေဆုံးသူ မရှိသေးဘူးလို့သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ လှိုင်သာယာမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ ၁၂၀၀ ကျော်ရှိပြီး သေဆုံးသူ (၅)ဦးရှိခဲ့ပါတယ်။ 

 

 

Related News