ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ အိန္ဒိယသံရုံး တို့ဦးစီးကျင်းပတဲ့  စတုတ္ထအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို  ဇွန်လ(၂၃)ရက်ကရန်ကုန်မြို့  သုဝဏ္ဏမိုးလုံလေလုံအားကစားရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ယောဂလှုပ်ရှားမှုတွေက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတို့ကို ညီညွတ်မျှတမှုရှိစေဖို့ ချိတ်ဆက်ပေးပြီး ကျန်းမာရေးနှင့်နေထိုင်မှုပုံစံကိုဟန်ချက်ညီမျှစေမှာဖြစ်ပါတယ်။

ယောဂလေ့ကျင့်ခြင်းရဲ့ကောင်းကျိုးတွေကို သိရှိပြီး ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်  ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှာ နှစ်စဉ်ဇွန်လ(၂၁)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ်အဖြစ် လက်ရှိမှာတော့ နိုင်ငံပေါင်း(၁၉၅)နိုင်ငံက ပါဝင်လှုပ်ရှားလျက်ရှိတယ်လို့ သိရပါတယ်။

အပြည်အပြည်ဆိုင်ရာယောဂနေ့နှင့် ပတ်သက်တဲ့ လှုပ်ရှားမှုတွေအဖြစ် ပထမအကြိမ် အမျိုးသားအဆင့် ယောဂချန်ပီယံပြိုင်ပွဲ၊ ယောဂသရုပ်ပြပွဲနဲ့ ယောဂပဟေဠိပြိုင်ပွဲတွေကို  မြန်မာနိုင်ငံကမြို့ကြီးတွေမှာ ဇွန်လအစောပိုင်းကစပြီး ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ အခုပြုလုပ်တဲ့ အပြည်အပြည်ဆိုင်ရာယောဂနေ့အခမ်းအနားမှာ အိန္ဒိယသံရုံးကယောဂဆရာမက လေ့ကျင့်ခန်းတစ်ခုစီကိုညွှန်ကြားပြသခဲ့ပြီး မြန်မာနိုင်ငံကယောဂအဖွဲ့အစည်း(၁၆)ဖွဲ့မှ ယောဂလေ့ကျင့်သူ အယောက်(၅၀၀)ခန့်ပါဝင်ခဲ့ကြပါတယ်။

စတုတ္ထအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်သံတမန်အဖွဲ့ဝင်များ၊ တပ်မတော်မှ အရာရှိကြီးများနဲ့ ယောဂလှုပ်ရှားသူများတက်ရောက်ခဲ့ကြပါတယ်။ ယောဂသင်တန်းကိုလည်း အိန္ဒိယသံရုံးမှာရှိတဲ့ အိန္ဒိယယဉ်ကျေးမှုဌာနမှာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိတယ်လို့ သိရပါတယ်။

 

 

Related News