ဒီကနေ့မနက်မှာပဲ လှိုင်သာယာမြို့နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ မြို့နယ်စည်ပင်တို့ပူးပေါင်းပြီး ရန်ကုန်-ညောင်တုန်း လမ်းမကြီး တစ်လျှောက်မှာရှိတဲ့ တာယာလေထိုး၊ ကျွတ်ဖာဆိုင်တွေက  ကားတာယာတွေထဲမှာ ခိုအောင်းနေတဲ့ လောက်လန်းတွေကို စစ်ဆေးပြီး ခြင်ကျားပိုးလောက်လန်းနှိမ်နင်းဖို့ အဘိတ်ဆေးခတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ယခုလို မိုးတွင်းကာလမှာ စွန့်ပစ်ထားတဲ့ တာယာတွေထဲမှာရေတင်ကျန်ပြီး ဒီရေတွေထဲမှာ ခြင်ကျားပိုးလောက်လန်းတွေ ပေါက်ဖွားနိုင်မှုနှုန်းအမြင့်အဆုံး ဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ကားလမ်းမဘေးတွေမှာ ဖွင့်လှစ်ထားတဲ့ တာယာလေထိုး၊ ကျွတ်ဖာဆိုင်တွေက တာယာတွေကို စစ်ဆေးပြီး အဘိတ်ဆေးခတ်တာတွေ ပြုလုပ်ပေးနေတာပါ။

ဒီကနေ့ မနက်မှာတော့ ညောင်တုန်းလမ်းမရှိ တာယာဆိုင် နှစ်ဆယ်ခန့်ကို သွားရောက်စစ်ဆေးခဲ့ပြီး အသုံးမပြုပဲ စွန့်ပစ်ထားတဲ့ တာယာတွေကို အထပ်လိုက်စီပြီး အမိုးအုပ်ကာ ထိန်းသိမ်းဖို့ပညာပေးတာတွေဆောင်ရွက်ခဲ့ပါတယ်။တာယာလေထိုး၊ ကျွတ်ဖာဆိုင်အများစုက အသုံးမပြုတော့တဲ့ တာယာအဟောင်းတွေကို လမ်းဘေးမှာပဲ စုပုံထားကြတာဖြစ်ပါတယ်။ ယခုလို စုထားကြတာဟာတာယာနဲ့ ပရိဘောဂအသုံးအဆောင်တွေ ပြုလုပ်မယ့် ပရဟိတအသင်းတွေကို လှူဒါန်းဖို့ ဖြစ်ပြီး ကျေးရွာတစ်ချို့မှာတော့ မီးသဂြိုလ်ရာမှာ လောင်စာအဖြစ် အသုံးပြုကြတယ်လို့ဆိုပါတယ်။

ဒါပေမယ့် တာယာတွေမှာ ရေတင်ကျန်ပြီး ခြင်ကျားပိုးလောက်လန်းပေါက်ဖွားနိုင်တာကြောင့် တာယာတွေကို စနစ်တကျ ထိန်းသိမ်းဖို့ လိုအပ်ပြီး တာယာတွေရှိတဲ့ အိမ်တိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်တယ်လို့မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးကပြောပါတယ်။ ပြီးခဲတဲ့ အပတ်ဗုဒ္ဓဟူးနေ့ကလည်း ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေးက တာယာဆိုင်နှစ်ဆယ်ကျော်ကို သွားရောက်စစ်ဆေးပြီး အဘိတ်ဆေးခတ်ခဲ့တယ်လို့သိရပါတယ်။ လှိုင်သာယာမြို့နယ်မှာ ယခုနှစ် ဇွန်လ ၂၅ ရက်အထိ ရရှိထားတဲ့ စာရင်းအရ သွေးလွန်တုပ်ကွေးဖြစ်ပွားခဲ့သူ ဦးရေ ရှစ်ဆယ်ကျော်ရှိနေပြီး  မနှစ်က ဖြစ်ပွားခဲ့တဲ့ ဇယားနဲ့ နှိုင်းယှဉ်ရင် ထက်ဝက်ခန့်လျော့ကျနေတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာမှ သိရပါတယ်။ 

 

 

Related News