ကိုရီးယားနိုင်ငံမှ အထူးကုဆရာဝန်တွေပါဝင်တဲ့အဖွဲ့က ရွှေပြည်သာပြည်သူ့ဆေးရုံမှာ ဒီကနေ့ဇူလိုင် (၉) ရက် ကနေ ဇူလိုင် (၁၂) ရက်အထိ လေးရက်တာ အခမဲ့ကုသပေးသွားမှာဖြစ်ပြီး  တစ်ရက်ကို လူသုံးရာခန့်လက်ခံ ကုသပေးသွားမယ်လို့သိရပါတယ်။ ရွှေပြည်သာ ပြည်သူ့ဆေးရုံမှာ ကိုရီးယားဆရာဝန်အဖွဲ့က အခမဲ့ လာရောက်ကုသပေးမယ်ဆိုတာကို ရွှေပြည်သာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ရပ်ကွက်တွေမှာ လိုက်လံ နှိုးဆော်ထားခဲ့ပြီး ဒီကနေ့ မနက်မှာတော့ လာရောက်ပြသတဲ့ ပြည်သူတွေကို အခုလို တွေ့ရမှာပါ။

ကိုရီးယားနိုင်ငံက လာရောက်တဲ့  ဆရာဝန်အဖွဲ့မှာ ဆီးချိုသွေးချို၊ အရိုးအကြော၊ မျက်လုံး၊ သားဖွားမီးယပ်၊ အထွေထွေရောဂါ၊ အထွေထွေ ခွဲစိတ်နဲ့ ကလေးအထူးကု ဆရာဝန်တွေ အပါအ၀င် အဖွဲ့ဝင်(၂၈)ဦးပါဝင်လာတာကြောင့် သက်ဆိုင်ရာ ရောဂါအလိုက် ခွဲခြား ပြသနိုင်မှာ ဖြစ်ပါတယ်။ အခမဲ့ ဆေးခန်းဖွင့်လှစ်မယ့် လေးရက်အတွင်း တစ်ရက်ကို လူနာ သုံးရာခန့်လက်ခံသွားမှာဖြစ်ပြီး ကုသမှုအပိုင်းမှာ ရွှေပြည်သာ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတွေနဲ့ Y.C.D.C ကျန်းမာရေးဌာနကလည်း ဝိုင်းဝန်းကူညီပေးနေပါတယ်။ ၂၅ ကုတင်ဆံ့ ရွှေပြည်သာ ပြည်သူ့ဆေးရုံမှာ အရေးပေါ်နဲ့ပြင်ပလူနာတွေကို လက်ခံကုသပေးနေပေမယ့် အထွေထွေကု ဆရာဝန်တွေသာရှိပြီး အထူးကု ဆရာဝန်တွေ မရှိတာကြောင့် အင်းစိန်ဆေးရုံကို လွှဲပြောင်းရတဲ့ လူနာအရေအတွက် များတယ်လို့သိရပါတယ်။

ဒါကြောင့်လည်း ကိုရီးယားအထူးကု ဆရာဝန်အဖွဲ့က အခမဲ့ ကုသပေးမယ့် အစီအစဉ်ကို ရွှေပြည်သာပြည်သူ့ဆေးရုံမှာ ပြုလုပ်ဖို့  ရွေးချယ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ရွှေပြည်သာ ပန်းခြံစု လေးလမ်းမှာနေထိုင်တဲ့ ဒေါ်ဥမ္မာအောင်ကတော့ မွေးရာပါ နှလုံးသွေးကြောတစ်ချောင်းပိုနေတဲ့ သူ့ကလေးကို ကိုရီးယားက ဆရာဝန်တွေနဲ့ လာရောက်ပြသဖို့ မနက်ကတည်းက စောင့်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။ သူတို့လို အခြေခံလူတန်းစားတွေအတွက်ကတော့ အခမဲ့ဆေးကုသပေးတဲ့ အစီအစဉ်တွေက အားကိုးစရာ ဖြစ်တယ်လို့ ပြောပြပါတယ်။ 

ရန်ကုန်မြို့နဲ့ကိုရီးယားနိုင်ငံ ဘူဆန်မြို့တို့ဟာ ညီအမမြို့တော်အဖြစ် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားတာဖြစ်ပြီး  နှစ်နိုင်ငံချစ်ကြည်ရေးအနေနဲ့  ကိုရီးယားနိုင်ငံက  မြန်မာနိုင်ငံအပေါ် ယခုလို ကျန်းမာရေး ဝန်ဆောင်မှုတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း လှိုင်သာယာပြည်သူ့ဆေးရုံမှာ ကိုရီးယားနိုင်ငံမှ အထူးကုဆရာဝန်တွေပါဝင်တဲ့အဖွဲ့က အခမဲ့ ဆေးကုသပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ 

 

 

 

Related News