ရန်ကုန်အထူးကုဆေးရုံသစ်ကြီးကို ဂျပန်နိုင်ငံအစိုးရရဲ့ ထောက်ပံ့ကူညီမှုနဲ့ လာမယ့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်တည်ဆောက်မှာ ဖြစ်တယ်လို့ ကုသရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာမိုးခိုင်က ဇူလိုင်၂၀ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ Training Centre မှာ ပြုလုပ်တဲ့ ဆေးရုံသစ်မိတ်ဆက်ပွဲမှာ အတည်ပြုပြောဆိုလိုက်ပါတယ်။

ရန်ကုန်အထူးကုဆေးရုံသစ်ကြီးကို ခုနစ်ထပ်ဆောက်လုပ်မှာဖြစ်ပြီး ဦးနှောက်နှင့်အာရုံကြောဆိုင်ရာနဲ့ နှလုံးရောဂါအထူးကု ဆေးရုံအဖြစ် အသုံးပြုမယ်လို့သိရပါတယ်။ ကုတင် ၃၀၀ ဆံ့အထူးကုဆေးရုံသစ်ကြီးကို မင်းရဲကျော်စွာလမ်းနဲ့ ပြည်လမ်းထောင့်ရှိ မြေကွက်လပ်မှာ တည်ဆောက်ဖို့ ဂျပန်နိုင်ငံဆောက်လုပ်ရေး ကုမ္ပဏီက ဒီဇိုင်းရေးဆွဲထားပြီး လာမယ့်နှစ်မှ ဆောက်လုပ်ရေးစနိုင်ဖို့ ရည်မှန်းထားတယ်လို့သိရပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လာရောက်ကုသနေတဲ့လူနာအရေအတွက်ကို လျှော့ချနိုင်ဖို့ နှလုံးရောဂါနဲ့ ဦးနှောက်အာရုံကြောဆိုင်ရာ အထူးကုဆေးရုံအဖြစ် သီးသန့်တည်ဆောက်မှာဖြစ်ပါတယ်။ အဆိုပါ ဆေးရုံသစ်ရဲ့ ဒီဇိုင်းအသေးစိတ်ကို ရေးဆွဲပြီးတာနဲ့ သုံးနှစ်အတွင်း အပြီးသတ်ဆောက်လုပ်မယ်လို့ သိရပါတယ်။ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ဖို့ ဂျပန်အစိုးရက ယန်းငွေရှစ်ဘီလီယံနီးပါးထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ရန်ကုန်မြို့တွင်း ဆေးရုံတွေအပြင် ကယားပြည်နယ် လွိုင်ကော်ဆေးရုံ၊ ရှမ်းပြည်နယ် လားရှိုးဆေးရုံနဲ့ မကွေးဆေးရုံတို့ကို အဆင့်မြှင့်တင်ပေးထားပါတယ်။ ဇင်ဝင့်သူဇော်ပေးပို့ထားတာပါ။

 

 

Related News