ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇူလိုင်လ(၂၈)ရက်က သူနာပြုတက္ကသိုလ်မှာ ပြုလုပ်ခဲ့ပါတယ်။ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ်အခမ်းအနားကို မြန်မာအသည်းဖောင်ဒေးရှင်းမှ ပြုလုပ်တာဖြစ်ပါတယ်။ အသည်းရောင်အသားဝါရောဂါမှာ အသည်းရောင်အသားဝါဘီပိုး၊ အသည်းရောင်အသားဝါစီပိုး ဆိုပြီး (၂)မျိုးရှိပါတယ်။ အသည်းရောင်အသားဝါဘီပိုးနဲ့စီပိုးဖြစ်ပေါ်လာရင် ရုတ်တရက်ဖျားခြင်း၊ ဗိုက်နာခြင်း၊ အန်ခြင်းစတဲ့ လက္ခဏာတွေပြပေမယ့် (၉၀)ရာခိုင်နှုန်းကတော့ လက္ခဏာမပြပဲ ပိုးဝင်ကာ နေမကောင်းသလိုဖြစ်ပြီး နာတာရှည်ရောဂါဖြစ်ပွားလာတာလို့သိရပါတယ်။

ဒီလို နာတာရှည်ရောဂါ ဖြစ်ပွားရာမှာ ရောဂါဖြစ်ပွားပြီး (၁၀)နှစ်မှ အနှစ်(၃၀)အထိ ရောဂါလက္ခဏာဆိုးရွားလာကာ အသည်းကင်ဆာဖြစ်ပွားလာမှ သိတဲ့သူတွေရှိနေတယ်လို့သိရပါတယ်။ဘီပိုးစီပိုးရောဂါဟာ ဆေးထိုးအပ်ကနေတစ်ဆင့်ကူးစက်နိုင်တာကြောင့် လူနာတွေနဲ့ရင်းနှီးစွာဆက်ဆံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ မကြာခနသွေးသွင်းရတဲ့ သွေးရောဂါသည်တွေ၊ လူစုပြီးနေထိုင်ကြတဲ့ ဘော်ဒါဆောင်တွေအစရှိတဲ့ နေရာတွေမှာနေထိုင်သွားလာမှုရှိသူတွေမှာ အသည်းရောင်အသားဝါ ဘီပိုးစီပိုကူးစက်နိုင်တယ်လို့သိရပါတယ်။

အသည်းရောင်အသားဝါဘီပိုးရောဂါဟာ ကလေးဘ၀မှာဖြစ်ပွားရင် နာတာရှည်ရောဂါဖြစ်ပွားမှုနှုန်း (၉၀)ရာခိုင်နှုန်းရှိနေပြီး လူကြီးပိုင်း အသက်(၂၀)မှ (၃၀)ကျော်မှာ ဖြစ်ပွားရင်တော့ (၉၀)ရာခိုင်နှုန်းကပြန်လည်ကောင်းမွန်လာပေမယ့် (၁၀)ရာခိုင်နှုန်းက နာတာရှည်ရောဂါဖြစ်ပွားနေတယ်လို့သိရပါတယ်။ အသည်းရောင်အသားဝါ စီပိုးကတော့ သွေးကနေကူးစက်တဲ့ရောဂါဖြစ်တာကြောင့် ကလေးတွေမှာသိပ်မဖြစ်ဘဲ အသက်(၂၀)မှ အသက်(၃၀)၀န်းကျင်မှာဖြစ်တာပိုများတယ်လို့သိရပါတယ်။
အသည်းရောင်သားဝါဘီပိုးရောဂါက ပိုးကောင်ရည်စစ်ကြည့်ပြီး ဆေးသောက်ဖို့လိုအပ်လျှင် နှစ်နဲ့ချီသောက်သုံးရတဲ့ရောဂါဖြစ်ပြီး အသည်းရောင်သားဝါစီပိုးကတော့ ဆေးသောက်ြပီး (၃)လနေရင် (၉၅)ရာခိုင်နှုန်းအထိကောင်းမွန်လာတယ်လို့ သိရပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေသန်း(၃၅၀)က ဘီပိုးစီပိုးဖြစ်ပွားနေပြီး ဘီပိုးစီပိုးရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့်  နှစ်စဉ် လူဦးရေ ၁ ဒသမ ၄သန်း ခန့် အသက်ဆုံးရှုံးနေတယ်လို့သိရပါတယ်။

 

 

Related News