အသည်းရောင်ရောဂါကို အများပြည်သူအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့လိုအပ်ပြီး ဂရုစိုက်ဖို့လိုအပ်တယ်လို့ ဇူလိုင်လ ၂၈ ရက်က မန္တလေးမြို့၊ မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ် ဟောပြောပွဲကသိရပါတယ်။အသည်းရောင်ရောဂါဟာ ကမ္ဘာပေါ်မှာ သေဆုံးမှုများတဲ့ ရောဂါတစ်ခုဖြစ်ပြီး အခြားကူးစက်ရောဂါများထက် သေဆုံးမှုနှုန်းမြင့်တက်နေတယ်လို့သိရပါတယ်။ အသည်းရောင်ရောဂါ ကူးစက်ရောဂါထဲမှာ ဘီပိုး နဲ့ စီပိုးက အဓိက အရေးကြီးပြီး နာတာရှည်ရောဂါဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲ ပိုးဝင်ရင်မထွက်တော့ဘဲ ရေရှည်မှာ အသည်းရောင်တာကနေ အသည်းခြောက်တာ၊ အသည်းခြောက်တာကနေ အသည်းကင်ဆာအထိဖြစ်စေနိုင်တယ်လို့သိရပါတယ်။

အသည်းရောင်ရောဂါဖြစ်ပွားမှုထိန်းချုပ်ဖို့ အများပြသူအနေနဲ့ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ဂရုစိုက်ဖို့လိုအပ်တယ်လို့ မန္တလေးပြည်သူ့ဆေးရုံကြီး၊ အသည်းရောဂါပညာဌာန၊ ဌာနမှူး ပါမောက္ခ ဒေါက်တာ ညိုမီခိုင်သန်းလှိုင်ကပြောပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အသည်းရောင်ရောဂါ ဖြစ်ပွားမှုနှုန်းဟာ လူဦးရေသန်း ၃၀၀ ကျော်ရှိနေပြီး မြန်မာနိုင်ငံပါဝင်တဲ့ အာရှပစိဖိတ်ဒေသမှာဖြစ်ပွားနှုန်း ပိုများပြားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ ၆.၅ ရာခိုင်နှုန်းမှာ ဘီပိုးဖြစ်ပွားပြီး ၂.၆၅ ရာခိုင်နှုန်းက စီပိုးဖြစ်ပွားနေတယ်လို့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်းသိရပါတယ်။

ဘီပိုးကသွေးမှတဆင့်ကူးစက်ခြင်း၊ လိင်ဆက်ဆံခြင်းမှကူးစက်ခြင်းနဲ့ ပိုးရှိတဲ့ပစ္စည်းများမျှဝေသုံးစွဲခြင်းတွေကကူးစက်နိုင်ပြီး စီပိုးက သွေးကသာအဓိကကူးစက်တတ်တယ်လို့သိရပါတယ်။ ဘီပိုးကာကွယ်ဆေးကို လူတိုင်းမဖြစ်မနေထိုးသင့်ပြီး စီပိုးရှိနေရင်တော့ပိုးသေဆေးနဲ့(၃)လ ဒါမှမဟုတ်(၆)လကုသမယ်ဆိုရင် ရာနှုန်းပြည့်နီးပါးပိုးပျောက်နိုင်တယ်လို့သိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ အသည်းရောင်ရောဂါကာကွယ်ထိန်းချုပ်ဖို့ ပညာပေးခြင်း၊ကာကွယ်ခြင်းနဲ့ကုသခြင်းတွေမှာ ပိုမိုထိရောက်အောင်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

မန္တလေးမြို့မှာပြုလုပ်တဲ့ ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ်ဟောပြောပွဲကိုမန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဦးဆောင်မှုနဲ့ Myanmar Foundation For Liver Health နှင့် မြန်မာနိုင်ငံအစာအိမ်၊ အူလမ်းကြောင်း နှင့် အသည်းအထူးကုဆရာဝန်အဖွဲ့တို့ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။ ဒီဟောပြောပွဲကို အသည်းရောင်ရောဂါ အကြောင်း စိတ်ပါဝင်စားတဲ့ မိဘပြည်သူတွေတက်ရောက်ခဲ့ကြပြီး ဘီပိုးနဲ့စီပိုး စစ်ဆေးခြင်း ကို အခမဲ့ပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။ 

 

 

Related News