မကူးစက်နိုင်သောရောဂါများဆိုင်ရာဆွေးနွေးပညာပေးပွဲအခမ်းအနားကို စက်တင်ဘာလ(၃)ရက်က ပန်းလှိုင်စီလုံဆေးရုံကြီးမှာ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေး ပညာပေးပွဲအခမ်းအနားမှာ မကူးစက်နိုင်တဲ့အဓိကရောဂါတွေဖြစ်တဲ့ နှလုံးသွေးကြောရောဂါများ၊ နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်၊ သွေးတိုး၊ဆီးချို၊ ကင်ဆာရောဂါ၊အဆုတ်ရောင်၊အဆုတ်ပွရောဂါတွေအပြင် လေဖြတ်ရောဂါတွေအကြောင်းကို သက်ဆိုင်ရာကဏ္ဍအလိုက်ဆရာဝန်ကြီးတွေကနေ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် အာဟာရကိုမျှတစွာစားသုံးမှုတွေနဲ့ မကူးစက်ရောဂါမဖြစ်ပွားအောင် ကြိုတင်သတိထားရမယ့်အချက်တွေကိုလည်း ဆွေးနွေးပညာပေးခဲ့ပါတယ်။

စက်တင်ဘာလ(၃)ရက်ကနေ(၉)ရက်အထိ ရက်သတ္တပတ်လှုပ်ရှားမှုအစီအစဉ်အနေနဲ့ ကမ္ဘာလုံးဆိုင်ရာမကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေး လှုပ်ရှားမှုကို ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ သက်ဆိုင်ရာဆရာဝန်ကြီးတွေကနေ မကူးစက်ရောဂါတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေကို ကျန်းမာရေးဝန်ထမ်းများ၊ကျန်းမာရေးနဲ့ပတ်သက်ပြီး သိရှိလိုတဲ့ပြည်သူလူထုတွေနဲ့ ဆီးချိုရောဂါ၊သွေးတိုးရောဂါစတဲ့မကူးစက်ရောဂါခံစားနေရတဲ့သူတွေကလည်း တက်ရောက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ပန်းလှိုင်စီလုံဆေးရုံကြီးအနေနဲ့ ဆေးပညာပိုင်းဆိုင်ရာတွေနဲ့ပတ်သက်တဲ့ ဟောပြောဆွေးနွေးပွဲတွေကို နှစ်စဉ်ပြုလုပ်ပေးလျှက်ရှိပြီး အခုပြုလုပ်တဲ့ မကူးစက်နိုင်သောရောဂါများဆိုင်ရာဆွေးနွေးပညာပေးပွဲကိုတော့ ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News