စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းပိုင် ဆေးဝါးစက်ရုံ(အင်ရောင်း)နဲ့ ပုဂ္ဂလိကပိုင် Treasure Pharma (ထရက်ရှာ ဖာမာ) ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းထုတ်လုပ်တဲ့ Povidine Antiseptic Solution (ပိုဗီဒင်း အန်တီဆက်ပတစ် ဆလူးရှင်း) အနာကျက်ဆေးရည်ကို စက်တင်ဘာ ၉ရက်က Pan Pacific Hotel မှာ မိတ်ဆက်ခဲ့ပါတယ်။ Povidine Antiseptic Solution အနာကျက်ဆေးရည်ကို ဆေးဝါးစက်ရုံ (အင်ရောင်း)နဲ့ ပုဂ္ဂလိကပိုင် Treasure Pharma ကုမ္ပဏီလီမိတက်တို့ PPP (အကျိုးတူပူးပေါင်းစနစ်)နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Treasure Pharma ကုမ္ပဏီက အနာကျက်ဆေးရည်မှာ ထည့်သွင်းမယ့် Povidine Iodine (ပိုဗီဒင်း အိုင်အိုဒင်း) ကို အိန္ဒိယနိုင်ငံက မှာယူထုတ်လုပ်ခဲ့တာ ဖြစ်ပြီး အရည်အသွေး ထိန်းချုပ်ရေးအပိုင်းနဲ့ FDA မှာ ခွင့်ပြုချက်ရဖို့ လျှောက်ထားတဲ့အပိုင်းတွေကိုတော့ ဆေးဝါးစက်ရုံ (အင်ရောင်း) က တာဝန်ယူဆောင်ရွက်ခဲ့တာပါ။

ဒီအနာကျက်ဆေးရည်ကို တစ်ကိုယ်ရည်သုံး 15 ml(မယ်လ် လို့ အသံထွက်) ဘူးသေးနဲ့ ဆေးရုံသုံး 500ml ဘူးကြီး နှစ်မျိုးထုတ်လုပ်ထားပြီး အခုစက်တင်ဘာလကစတင်ပြီး BPI ရဲ့ တရားဝင် အရောင်းကိုယ်စားလှယ်တွေကနေ  တစ်နိုင်ငံလုံးကို ဖြန့်ချီသွားမယ်လို့ သိရပါတယ်။ ဆေးဝါးစက်ရုံ အင်ရောင်းကနေ ထုတ်လုပ်လိုက်တဲ့ အနာကျက်ဆေးရည်က FDA အသိအမှတ်ပြုလက်မှတ်ရပြီးဖြစ်သလို ထိခိုက်ရှနာ၊ မီးလောင်ဒဏ်ရာတွေ၊ ပွန်းပဲ့ဒဏ်ရာတွေနဲ့ အရေပြားပေါ်မှာဖြစ်တတ်တဲ့ ယားယံနာတွေအပြင် ခွဲစိတ်ခန်းတွေမှာ ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်တယ်လို့  သိရပါတယ်။ အနာကျက်ဆေးရည်ဘူးသေးကို တစ်ထောင်ကျပ်၊ ဘူးကြီးကို ရှစ်ထောင်ကျပ်နဲ့ ဈေးကွက်အတွင်း ရောင်းချမှာဖြစ်ပြီး ထုပ်ပိုးမှုပုံစံကို အဆင့်မြှင့်ပြီး ထုတ်လုပ်ထားတယ်လို့ တာဝန်ရှိတွေက ပြောပါတယ်။

Povidine Antiseptic Solution အနာကျက်ဆေးရည် မိတ်ဆက်တဲ့အခမ်းအနားမှာပဲ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တပ်မတော် ဆေးတပ်ရင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ လူမှုဖုံလုံရေးရုံး၊ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနနဲ့ မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့ကို အနာကျက်ဆေးရည်တွေ လှူဒါန်းခဲ့ပါတယ်။ အနာကျက်ဆေးရည်မိတ်ဆက်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ မြန်မာ့ဆေးဝါးလုပ်ငန်းမှ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

 

 

Related News