ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းတွေရဲ့ ဆိုးကျိုးတွေကို သရုပ်ဖော်ထားတဲ့ ရုပ်သံဗွီဒီယိုနဲ့ ပိုစတာတွေကို လူသိများတဲ့ မီဒီယာတွေကနေ တစ်ဆင့်ဖြန့်ဝေတဲ့ လှုပ်ရှားမှုကို ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက် အောင်မြင်ခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌက ပြောပါတယ်။ ဒီလို မီဒီယာကနေ တစ်ဆင့်ဖြန့်ဝေတဲ့ လှုပ်ရှားမှုကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ လူသုံးများတဲ့ လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ကနေပါ ကွမ်းယာနှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းတွေရဲ့ ဆိုးကျိုးတွေကို လှုံ့ဆော်နိုင်ခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းက ပြောပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလကနေ စတင်ပြီး တစ်လခွဲအချိန်ကြာအတွင်း ခံတွင်းကင်ဆာ ဝေဒနာ ခံစားနေရတဲ့ လူနာတွေကိုယ်တိုင် ကွမ်းစားခြင်းရဲ့ ဆိုးကျိုးတွေ ပြောပြတဲ့ နောင်တမရအောင် ကွမ်းယာရှောင် ရုပ်သံ ဗွီဒီယိုကို မြန်မာ့အသံ၊ MRTV-4 အပြင် ရေဒီယိုတွေကနေပါ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ အဆိုပါ ရုပ်သံဗီဒီယိုကို ကြည့်ရှုမိတဲ့ သက်လက်ပိုင်းယောင်္ကျား ခြောက်ဆယ်ရာခိုင်နှုန်းကျော်က ကွမ်းယာဖြတ်ရန် ကြိုးစားခဲ့ကြောင်း ကွင်းဆင်းကောက်ယူခဲ့တဲ့ အချက်အလက်တွေအရ သိရပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့ ထုတ်လွှင့်မှုကို ကြည့်ပြီးတဲ့သူတွေရဲ့ ရလဒ်ကတော့ သုတေသန ကောက်ယူနေဆဲ ဖြစ်ပေမယ့် ကွမ်းယာဆိုးကျိုးတွေကို Stop Betal Myanmar ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေပါ အသိပေးနိုင်ခဲ့တာကြောင့် မနှစ်ကထက် လူထုတုံ့ပြန်မှုများလာဖို့ မျှော်လင့်တယ်လို့ ဒေါက်တာသန်းစိန်ကပြောပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့တဲ့ နောင်တမရအောင် ကွမ်းယာရှောင် ရုပ်သံဗွီဒီယိုကို ကြည့်ရှုမိတဲ့ ပြည်သူတွေကတော့ ကွမ်းဖြတ်ဖို့အထိ တွေးမိပြီး ကွမ်းယာလျှော့စားတာတွေ ဆောင်ရွက်နေကြောင်း ယခုလို ပြောပြပါတယ်။ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းက ဆေးလိပ်နှင့်ဆေးရွက်ကြီးတိုက်ဖျက်ရေးလုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပြီး ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီဖြစ်တဲ့ ရှမ်းပြည်နယ်ရှိ ပင်းတယလိုဏ်ဂူနဲ့ အင်းလေးဒေသမှာလည်း ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းတွေ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ 

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက်မှာတော့ ကျောက်တံတားမြို့နယ်ကို ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ် တရားဝင်သတ်မှတ်နိုင်ရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ဦးဆောင်မှုနဲ့ စတင်ဆောင်ရွက်တော့မယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ ခံတွင်းကင်ဆာဖြစ်နိုင်တဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းတွေကို အသက် ၁၅နှစ်ကနေ ၃၉နှစ်အရွယ် လူငယ် ၃၀ ရာခိုင်နှုန်းကျော် သုံးစွဲနေကြပြီး လူငယ် (၁၃)ရာခိုင်နှုန်းကျော်က ကွမ်းယာစားသုံးနေကြတယ်လို့ (၂၀၁၆) ခုနှစ် သုတေသနစစ်တမ်းတွေအရ သိရပါတယ်။  

 

 

Related News