ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သားအိမ်ခေါင်းကင်ဆာကို နာရီဝက်တည်းနဲ့အပြီး ဓာတ်အပ်စိုက်ကုသသမှု ပေးနိုင်တော့မှာ ဖြစ်တယ် လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာဓာတ်ရောင်ခြည်ဌာနမှ ပါမောက္ခဌာနမှူးက ပြောပါတယ်။ယခင်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ၊ ကင်ဆာဓာတ်ရောင်ခြည်ဌာနမှာ သားအိမ်ခေါင်းကင်ဆာအတွက် ဓာတ်အပ်စိုက်ကုသမှု ခံယူရမယ်ဆိုရင် ၄၈ နာရီကြာတယ်လို့သိရပါတယ်။ ကုသချိန်ကြာမြင့်တာကြောင့် လူနာတွေမှာ ဆေးရုံတက်ရတာနဲ့ စောင့်ဆိုင်း ကုသရတဲ့ အခက်အခဲတွေ ရှိတယ်လို့သိရပါတယ်။ ဒါကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သားအိမ်ခေါင်းကင်ဆာ အတွက် ပြင်းအားနှုန်းမြင့် ဓာတ်အပ်စိုက်ကုသစက်ကို ဝယ်ယူပေးခဲ့ပါတယ်။

ဒီပြင်းအားနှုန်းမြင့် ဓာတ်အပ်စိုက်ကုသစက်ကတော့ သားအိမ်ခေါင်းကင်ဆာရောဂါသည် လူနာတစ်ဦးကို နာရီဝက်နဲ့ တစ်ပတ်ကို လူနာ(၁၀)ဦး ကုသမှုပေးနိုင်တာကြောင့် အရင်ကလို စောင့်ဆိုင်းရတာတွေ၊ ဆေးရုံတက်ရတာတွေမရှိပဲ တစ်လကို လူနာအယောက်လေးဆယ်အထိ ကုသမှုပေးနိုင်တော့မှာ ဖြစ်တယ် လို့ ကင်ဆာဓာတ်ရောင်ခြည်ဌာနမှ ပါမောက္ခဌာနမှူးက ပြောပါတယ်။ယခု ဝယ်ယူပြီးဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာအတွက် ပြင်းအားနှုန်းမြင့် ဓာတ်အပ်စိုက်ကုသစက်နဲ့ ဆရာဝန်တွေ အကျွမ်းတဝင် ရှိအောင် ကမ္ဘာ့သိပ္ပံနှင့် အဏုမြူဌာန (IAEA)မှ စေလွှတ်တဲ့ သင်ကြားရေးဆရာတွေက သင်တန်းလာပေးမယ်လို့ သိရပါတယ်။

အဆိုပါ သင်ကြားမှုပြီးတာနဲ့ လာမယ့်နှစ်လအတွင်း သားအိမ်ခေါင်းကင်ဆာကို စက်အသစ်နဲ့ ကုသမှုပေးနိုင်တော့မှာ ဖြစ်ပါတယ်။ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကင်ဆာငါးထပ်ဆောင်အသစ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်က ဖွင့်လှစ်ခဲ့ပြီး ကုတင်(၃၂၀)ဆံ့ အဆိုပါ အဆောက်အအုံမှာ အတွင်းလူနာတွေကို ထားရှိမယ်လို့သိရပါတယ်။ ဓာတ်အပ်စိုက်ကုသမှုတွေကိုတော့ ယခင်ကင်ဆာ အဆောင်ဟောင်းမှာပဲ ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာလူနာတွေအနေနဲ့ ဓာတ်ရောင်ခြည်ကုသမှုအပြင် ဓာတ်အပ်စိုက်ကုသမှုကိုပါ တစ်ရက်အတွင်း ကုသမှုခံယူနိုင်တော့မှာ ဖြစ်ပါတယ်။

 

 

Related News