ကင်ဆာရောဂါဖြစ်ပွားနိုင်တဲ့အချက်တွေကိုလေ့လာရှောင်ရှားပြီး ကင်ဆာရောဂါအများစုကို ကြိုတင်ကာကွယ်နိုင်တယ်လို့ ဖေဖော်ဝါရီလ၃ရက်က မြန်မာနိုင်ငံဆရာဝန် အသင်း(မန္တလေး)မှာ ပြုလုပ်တဲ့ ကမ္ဘာ့ကင်ဆာရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားမှသိရပါတယ်။ကင်ဆာရောဂါဖြစ်ပွားမှုဟာ အသက်အရွယ်မရွေးဖြစ်ပွားနိုင်တာဖြစ်ပြီး ခန္ဓာကိုယ်ရဲ့နေရာအများအပြားမှာ ဖြစ်ပွားနိုင်တာဖြစ်ပါတယ်။ လက်ရှိမှာ ကင်ဆာရောဂါ ဖြစ်ပွားမှု အနေနဲ့ အမျိုးသားမှာအဖြစ်များဆုံးကင်ဆာနဲ့ အမျိုးသမီးမှာအဖြစ်များဆုံးကင်ဆာဆိုပြီး ခွဲခြားထားတယ်လို့သိရပါတယ်။ အမျိုးသားတွေအနေနဲ့ ဦးခေါင်းပိုင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူလမ်းကြောင်းဆိုင်ရာကင်ဆာတွေအဖြစ်များလာပြီး အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာကင်ဆာတွေ အဖြစ်များလာတယ်လို့ သိရပါတယ်။

ဒါကြောင့် ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်စေဖို့ ပြည်သူလူထုအနေနဲ့ ကင်ဆာရောဂါဖြစ်ပွားနိုင်တဲ့အချက်တွေကိုလေ့လာရှောင်ရှားပြီး ကင်ဆာရောဂါအများစုကို ကြိုတင်ကာကွယ်နိုင်တယ်လို့ မန္တလေး အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ဓာတ်ရောင်ခြည်ဆေးကုဌာနမှ ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာအေးအေးနိုင်က ပြောပါတယ်။ယခုပြုလုပ်တဲ့ ကမ္ဘာ့ကင်ဆာရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားမှာ ကင်ဆာရောဂါဖြစ်စေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး သိရှိထားသင့်တဲ့အကြောင်းအရာတွေ၊ မဖြစ်ပွားခင်မှာ ကြိုတင်ကာကွယ်ရမယ့်နည်းလမ်းတွေ စတာတွေနဲ့ပတ်သက်ပြီး အသိပညာပေးဟောပြောမှုတွေကိုလည်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကင်ဆာရောဂါဖြစ်ပွားမှုကိုကြိုတင်ကာကွယ်ဖို့အတွက် ပြည်သူလူထုအနေနဲ့ ဆေးလိပ်၊ဆေးရွက်ကြီး၊အရက်တွေကိုရှောင်ကြဉ်ခြင်း၊ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊ ကင်ဆာဖြစ်စေတဲ့အစားအသောက်တွေကိုရှောင်ကြဉ်ကာ သန့်ရှင်းသပ်ရပ်ပြီးအန္တရာယ်ကင်းတဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်ခြင်း စတာတွေပြုလုပ်ခြင်းဖြင့် ကင်ဆာရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရမှာဖြစ်တယ်လို့သိရပါတယ်။ဒီအခမ်းအနားမှာ ကင်ဆာရောဂါနဲ့ပတ်သတ်တဲ့ အသိပညာပေးအစီအစဉ်တွေ၊ကင်ဆာရောဂါနဲ့ပတ်သက်ပြီး သိရှိလိုတဲ့မေးခွန်းတွေကိုလည်း ဖြေကြားပေးတဲ့အစီအစဉ်တွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာ့ကင်ဆာရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးမြို့မှာ ဒုတိယအကြိမ် ကျင်းပပြုလုပ်တာဖြစ်ပြီး နှစ်စဉ် ဖေဖော်ဝါရီလ ၄ရက်ကို ကမ္ဘာ့ကင်ဆာရောဂါတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားတယ်လို့သိရပါတယ်။

 

 

Related News