ဝက်သက်ရောဂါ ကပ်ရောဂါအသွင်ပုံစံဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်(၇)ခုမှာ ဝက်သက်၊ဂျိုက်သိုးရောဂါကာကွယ်ဆေးကို အစုလိုက်ထိုးနှံပေးမှာဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးအစုလိုက်ထိုးနှံမယ့်အစီအစဉ် သတင်းမီဒီယာတွေထံ အသိပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၁၃) ရက်က ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာ ပြုလုပ်ခဲ့ပါတယ်။ ယခုနှစ် ဇန်နဝါရီလ (၁) ရက်ကနေ ဖေဖော်ဝါရီလ (၄) ရက်အထိ ရန်ကုန်တိုင်းဒေသကြီးမှာ ဝက်သက်ရောဂါဖြစ်ပွားနေတယ်လို့ ဓာတ်ခွဲစစ်ဆေးအတည်ပြုပြီးသူ (၂၄၈) ဦးရှိနေပြီး ကပ်ရောဂါအသွင်ဖြစ်ပွားနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က အတည်ပြုပြောကြားလိုက်ပါတယ်။

ဒါကြောင့် ဝက်သက်ရောဂါ ကပ်အသွင်ဖြစ်ပွားနေတဲ့ လှိုင်သာယာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)နဲ့ ဒဂုံဆိပ်ကမ်းစတဲ့ မြို့နယ် (၇)ခုက အသက်ကိုးလကနေ (၁၅)နှစ်အရွယ်ကလေးတွေကို ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးတော့မှာပါ။ ကာကွယ်ဆေးထိုးပေးမယ့်ကာလက ကလေးတွေကျောင်းပိတ်တဲ့အချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ဒေသန္တရဆေးခန်း၊ ကျေးလက်ကျန်းမာရေးဌာနတွေအပြင် ကျေးရွာ၊ရပ်ကွက်ထဲအထိ ကာကွယ်ဆေး လိုက်လံထိုးနှံပေးမှာဖြစ်ပါတယ်။ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးကို မြို့နယ်(၇)ခုထဲက ခန့်မှန်းကလေးဦးရေ ခြောက်သိန်း ခုနစ်သောင်းအား ထိုးနှံပေးရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။ ကာကွယ်ဆေးကိုတော့ မနက်ရှစ်နာရီကနေ ညနေလေးနာရီအတွင်း ထိုးနှံပေးမှာဖြစ်ပြီး ကာကွယ်ဆေးထိုးပေးမယ့်ကာလကိုတော့ ဖေဖော်ဝါရီလ (၁၇)ရက်ကနေ ဖေဖော်ဝါရီလကုန်အထိ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အသိအမှတ်ပြုဆေးဖြစ်ပြီး ဘေးထွက်ဆိုးကျိုးမရှိသလောက် နည်းပါးတာကြောင့် ယုံကြည်စွာထိုးနှံနိုင်တယ်လို့ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ။်ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံပေးမယ့် မြို့နယ်(၇)ခုထဲမှာမပါတဲ့ အခြားမြို့နယ်တွေက (၅)နှစ်အောက်ကလေးတွေထဲမှာလည်း ဝက်သက်ရောဂါကာကွယ်ဆေး တကြိမ်မှ မထိုးနှံရသေးရင် နီးစပ်ရာ မြို့နယ်ကျန်းမာရေးဌာန၊ ဒေသန္တရ ကျန်းမာရေးဌာနနဲ့ မြို့နယ်ဆေးရုံတွေမှာ စုံစမ်းပြီး ထိုးနှံနိုင်မှာဖြစ်တယ်လို့သိရပါတယ်။  မြန်မာတစ်နိုင်ငံလုံးမှာ ဇန်နဝါရီလ (၁)ရက်ကနေ ဖေဖော်ဝါရီလ(၇) ရက်အထိ ဝက်သက်ရောဂါဖြစ်ပွားနေတယ်လို့ သံသယရှိသူ ဦးရေ (၄၃၂) ဦးရှိနေပြီး ဓာတ်ခွဲစစ်ဆေးအတည်ပြုပြီးသူ (၂၇၆) ဦးရှိတယ်လို့သိရပါတယ်။

 

 

Related News