စိတ်ကျဝေဒနာကို ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်တဲ့ ဟောပြောဆွေးနွေးပွဲကို မတ်လ (၉) ရက်က မန္တလေးမြို့ ဂျက်ဖာဆန်စင်တာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ သုတေသန စာတမ်းတွေအရ လူ(၄) ဦးမှာ (၁) ဦးက  အနည်းဆုံးတစ်ကြိမ် စိတ်မကျန်းမာတဲ့ အတွေ့အကြုံကို ခံစားရတယ်လို့ သိရပါတယ်။ သုတေသနစာတမ်းတွေအရ စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ စိတ်ကျဝေဒနာဟာ လူငယ်တွေမှာ အများဆုံးခံစားနေရတယ်လို့ ဆိုပါတယ်။စိတ်ကျဝေဒနာက ခန္ဓာဗေဒအရဖြစ်တဲ့ ဦးနှောက်ဇီဝပြောင်းလဲမှုဖြစ်စဉ်၊ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ်မူတည်ပြီး ဒီရောဂါကို ရရှိစေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် လူတွေအပြောများလာတဲ့ စိတ်ကျဝေဒနာ၊ လူငယ်တွေကို ခြောက်လှန့်စိန်ခေါ်နေတဲ့ စိတ်ကျဝေဒနာကို ရင်ဆိုင်နိုင်ဖို့၊ လူငယ်တွေ အနေနဲ့ မိမိကိုယ်မိမိစိတ်ကျန်းမာအောင် နေထိုင်လာနိုင်စေဖို့၊ ပတ်ဝန်းကျင်မှာ စိတ်ကျဝေဒနာခံစားနေရတဲ့ သံသယရှိသူတွေကို ကူညီနိုင်ဖို့အတွက်  ရည်ရွယ်ပြီး အခုလို ဟောပြောဆွေးနွေးရတာ ဖြစ်တယ်လို့ စိတ်ကျန်းမာရေးတိုင်ပင်ဆွေးနွေးသူ ဆရာမ တစ်ဦး က ပြောပါတယ်။

စိတ်ကျဝေဒနာခံစားနေရပါက ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် ခံစားနေရသူရဲ့ အခက်အခဲတွေ၊ စိတ်ဒဏ်ရာ၊ ခံစားချက်၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ပြုပြင်ပြောင်းလဲပေးရမှာဖြစ်ပါတယ်။ စိတ်ကျဝေဒနာဟာ လူတိုင်းကြုံတွေ့ရနိုင်ပြီး ဒီလိုကြုံတွေ့လာပါက မိမိရဲ့ လူနေမှုပုံစံ ပြောင်းလဲခြင်း၊ စားသောက်မှုပုံစံပြောင်းလဲ ခြင်း စတာတွေပြုလုပ်ပြီး ကျွမ်းကျင်တဲ့သူတွေနဲ့ဆွေးနွေးတိုင်ပင်ကာ ကုသမှုနည်းလမ်းတွေ ရယူနိုင်ဖို့ လို အပ်တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်လာသူတစ်ဦးက ပြောပါတယ်။ဒီစိတ်ကျဝေဒနာနဲ့ပတ်သက်တဲ့ ဟောပြောဆွေးနွေးပွဲကို  စိတ်ပါဝင်စားတဲ့ လူငယ်တွေတက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

 

 

Related News