၂၀၁၉ ခုနှစ် ကမ္ဘာ့ကျောက်ကပ်နေ့ အထိမ်းအမှတ်အခမ်းအနားကို မတ်လ ၁၄ ရက်က မန္တလေးမြို့  မြန်မာနိုင်ငံဆရာဝန်များအသင်း ၊ ရတနာပုံခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။အခုပြုလုပ်ခဲ့တဲ့၂၀၁၉ ခုနှစ် ကမ္ဘာ့ကျောက်ကပ်နေ့ အထိမ်းအမှတ်ကို မြန်မာနိုင်ငံဆရာဝန်များ အသင်း(မန္တလေး) က ဦးစီးပြီး"နေရာတိုင်းလူတိုင်း အလေးပေး ကျောက်ကပ်ကျန်းမာရေး " ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်တာဖြစ်ပါတယ်။ ဒီအထိမ်းအမှတ်ပွဲကိုပြုလုပ်ရတာက  တန်ဖိုးရှိတဲ့ ကျောက်ကပ်တစ်စုံအတွက် ကျန်းမာရေး ဗဟုသုတ ပိုမိုတိုးပွားလာစေရန်၊ ဆီးချို၊ သွေးချိုနဲ့ သွေးတိုးရောဂါတွေဟာ နာတာရှည်ကျောက်ကပ်ရောဂါ ကို ဖြစ်ပွားစေတာကြောင့် သေချာစွာ ဂရုစိုက်ရန်၊ ကျောက်ကပ်ရောဂါ ကာကွယ်ရေးအတွက် သင့်တော်တဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ရေး တိုက်တွန်းနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးဆေးရုံမှာ ကျောက်ကပ်ရောဂါကြောင့် တစ်နှစ်ထက်တစ်နှစ် ခွဲစိတ်ကုသတဲ့ လူနာများလာပြီး ဆီးလမ်းကြောင်းတစ်လျှောက် ကျောက်တည်တဲ့ရောဂါက အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ ကျောက်ကပ်ရောဂါမဖြစ်ပွားအောင် ကာကွယ်ဖို့အတွက် သွေးပေါင်ချိန်တာ၊ အစားအသောက်မှန်အောင်စားတာနဲ့ ကိုယ် လက်လှုပ်ရှားတာတွေ ပုံမှန်ပြုလုပ်သင့်တယ်လို့ သိရပါတယ်။အဆိုပါ ကမ္ဘာ့ကျောက်ကပ်နေ့အထိမ်းအမှတ်ကို ဆီးနှင့်ကျောက်ကပ်ဆေးအထူးကုဌာနမှ ပါမောက္ခတွေ၊ မန္တလေးဆေးတက္ကသိုလ်က တာဝန်ရှိသူတွေ၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ ဆရာဝန်နဲ့သူနာပြုဆရာမတွေ၊ ကျောက်ကပ်ဝေဒနာရှင်တွေနဲ့ ကျောက်ကပ်အလှူရှင်တွေတက်ရောက်ခဲ့ကြပါတယ်။၂၀၁၉ ခုနှစ် ကမ္ဘာ့ကျောက်ကပ်နေ့ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ကြတဲ့ မိဘပြည်သူတွေကို ကျောက်ကပ်ရောဂါနဲ့ ပတ်သက်ပြီး အသိပညာပေးတာ၊ သွေးပေါင်ချိန်တိုင်းပေးတာ၊ ဆီးစစ်ပေးတာ စတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကိုလည်း ပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။

 

 

Related News