မြန်မာနိုင်ငံမှာ သွေးမတိတ်ရောဂါဝေဒနာရှင်ပေါင်း (၃၉၀၀) ၀န်းကျင်ရှိနေပြီး သွေးမတိတ်ဝေဒနာရှင်အချို့နဲ့ လူနာတွေက ရောဂါရှာဖွေဖော်ထုတ်ခြင်းနဲ့ကုသခံရခြင်းမရှိသေးတာတွေရှိနေတယ်လို့ကမ္ဘာ့သွေးမတိတ် ရောဂါနေ့အခမ်းအနားမှသိရပါတယ်။ကမ္ဘာ့သွေးမတိတ်ရောဂါနေ့အခမ်းအနားကို ကမ္ဘာပေါ်မှာ နှစ်စဉ် ဧပြီလ (၁၇)ရက်တိုင်းကျင်းပနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ နှစ်ဆန်းတစ်ရက်နေ့ ပိတ်ရက်ဖြစ်နေတာကြောင့် ဧပြီလ (၁၀)ရက်က ရန်ကုန်ကလေးဆေးရုံကြီးမှာကျင်းပ ပြုလုပ်ခဲ့ပါတယ်။သွေးမတိတ် ဝေဒနာရှင်တွေကို ရန်ကုန်ကလေးဆေးရုံကြီး၊မန္တလေးကလေးဆေးရုံကြီး၊ရန်ကုန်ဆေးရုံကြီး သွေးရောဂါဆောင်၊မန္တလေးဆေးရုံကြီးသွေးရောဂါဆောင်တို့မှာ လူနာပေါင်း (၅၀၀)ကျော်ကိုကုသပေးနေတာ ဖြစ်တယ်လို့သိရပါတယ်။ဒီလိုကုသပေးပေမယ့် ရောဂါရှာဖွေဖော်ထုတ်ခြင်းနဲ့ ကုသခံရခြင်းမရှိသေးတဲ့ ဝေဒနာရှင်တွေရှိနေသေးသလို ရောဂါလက္ခဏာမပေါ်သေးတာတွေလည်းရှိနေသေးတယ်လို့သိရပါတယ်။

သွေးမတိတ်ရောဂါဆိုတာမသေချာဘဲ သံသယရှိနေသူတွေ၊ရောဂါလက္ခဏာပြသူတွေအတွက် ဧပြီလတစ်လလုံး ရန်ကုန်ကလေးဆေးရုံကြီးမှာ အခမဲ့စစ်ဆေးပေးနေတယ်လို့သိရပါတယ်။ဒီရောဂါဟာ အမျိုးသားများမှာပိုမိုအဖြစ်များပြီး အမျိုးသမီးတွေဖြစ်ပွားတာဟာအလွန်နည်းပါးတယ်လို့သိရပါတယ်။အခုနောက်ပိုင်းမှာတော့ ဒီလိုသွေးမတိတ်ဝေဒနာရှင်တွေအတွက် သွေးတိတ်အောင်ထိန်းထားပေးနိုင်တဲ့ ဆေးဝါးတွေရရှိလာတာကြောင့် လိုအပ်လို့ခွဲစိတ်မှုတွေပြုလုပ်ရင်လည်း အသက်ဆုံးရှုံးမှုမရှိတော့ဘူးလို့သိရပါတယ်။

 

 

Related News