သင်္ကြန်ကာလအတွင်း နေအပူရှိန်မြင့်မားမှုနဲ့ ရေမသန့်တာတွေကြောင့် အရေပြားရောဂါတွေ ဖြစ်ပွားနိုင်ပြီး သင်္ကြန်ကာလအတွက် အရေပြားကို ထိန်းသိမ်းဂရုစိုက်တာတွေ ကြိုတင်ဆောင်ရွက်ရမယ်လို့ မြောက်ဥက္ကလာပအထွေထွေရောဂါကုဆေးရုံကြီး၊ အရေပြားရောဂါအထူးကုဌာနမှ ပါမောက္ခဒေါက်တာ မြတ်စန္ဒာကျော်က အကြံပြုပြောကြားထားပါတယ်။

သင်္ကြန်ကာလအတွင်းမှာပဲ ပြည်တွင်းရဲ့ အပူချိန်က 40 ဒီဂရီစင်တီဂရီတ်အထိ မြင့်တက်လာနိုင်တာကြောင့် နေလောင်တာအပြင် အခြားအရေပြားရောဂါတွေ ခံစားရနိုင်တယ်လို့သိရပါတယ်။ ဒါ့အပြင် ရေမသန့်တာတွေ၊ ရေစိုခံအလှကုန်ပစ္စည်းတွေ၊ ဆံပင်အရောင်ဆိုးဆေးတွေ သုံးစွဲမိလို့ ဓာတ်မတည့်တာတွေကနေ အရေပြားနီရဲရောင်ရမ်းယားယံပြီး အရည်ကြည်ဖုထွက်တာ၊ တင်းတိပ်၊မှဲ့ခြောက်ထွက်တာတွေ ခံစားရနိုင်တယ်လို့ပြောပါတယ်။ အရေပြားကုသမှုခံယူထားသူ၊ ဓာတ်မတည့်သူတွေ၊ အရေပြားရောဂါရှိသူတွေက သင်္ကြန်လည်ပတ်တဲ့အခါမှာ ပိုမိုဂရုစိုက်သင့်ပြီး  အင်္ကျီ လက်ရှည်၊ နေကာမျက်မှန်၊ ဦးထုပ်တို့ကို ဝတ်ဆင်ကာ လည်ပတ်သင့်တယ်လို့ အကြံပြုထားပါတယ်။ နေရောင်ကာ ခရင်မ်လိမ်းရင်လည်း သင်္ကြန်မလည်ပတ်ခင် မိနစ် ၂၀ အလိုမှာ လိမ်းသင့်ပြီး နှစ်နာရီခြားတစ်ခါ ပြန်လိမ်းပေးမှ နေရောင်နဲ့ ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်ပေးနိုင်မယ်လို့ ပါမောက္ခဒေါက်တာ မြတ်စန္ဒာကျော်က ဆိုပါတယ်။

သင်္ကြန်အတွင်း အဝတ်စားကျပ်တာတွေ ဝတ်ဆင်ရင် အရေပြားပွန်းနိုင်ပြီး၊ ရေစိုဝတ်တွေကို မလဲလှယ်မိတာကနေ ပွေး၊ဝဲ၊ညှင်း၊ နှင်းခူရောဂါတွေ ဖြစ်နိုင်တယ်လို့သိရပါတယ်။ အရေပြားတွေ ရောင်ရမ်းနီရဲပြီး မသက်သာရင်တော့ ဆေးရုံ၊ ဆေးခန်းတွေနဲ့ပြသသင့်ကြောင်း အကြံပြုပြောဆိုထားပါတယ်။  အရေပြားရောဂါအထူးကုဌာနကိုတော့ သင်္ကြန်ကာလရဲ့ အကျိုးဆက်ကြောင့်ဖြစ်တဲ့ မှိုရောဂါနဲ့ နေလောင်တဲ့ ဝေဒနာရှင်တွေ အများဆုံးလာရောက်ပြသကြတယ်လို့သိရပါတယ်။သင်္ကြန်လည်ပတ်ပြီးတဲ့အချိန်မှာလည်း အရေပြားကို အနားပေးတဲ့အနေနဲ့ နေရောင်ရှောင်တာ၊ အိပ်ရေးဝအောင်အိပ်တာနဲ့ ရေများများသောက်တာ၊ အသီးအရွက်စားတာ စတဲ့ ဂရုစိုက်ထိန်းသိမ်းတာတွေ ဆောင်ရွက်သင့်တယ်လို့သိရပါတယ်။

 

 

Related News