အစိုးရဆေးရုံ(၂)ရုံကို သွေးတွေထပ်တိုး ထောက်ပံ့နေရလို့ အမျိုးသားသွေးလှူဌာနမှာ ယခင်ကထက် သွေးအလှူရှင်များ လိုအပ်နေတယ်လို့  အမျိုးသားသွေးဌာနရဲ့ တာဝန်ခံ ဒေါက်တာသီတာအောင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ယခင်က အမျိုးသားသွေးဌာနအနေနဲ့ အစိုးရဆေးရုံ (၁၂)ရုံရဲ့ သွေးလိုအပ်ချက်တွေကို ထောက်ပံ့ပေးနေပြီး ယခုလက်ရှိမှာ မြောက်ဥက္ကလာပဆေးရုံနဲ့ ဟယ်လ်ပင်ကလေးဆေးရုံတို့ပါ ထပ်တိုးထောက်ပံ့ပေးနေရတာကြောင့် သွေးအလှူရှင်တွေလိုအပ်လာတာဖြစ်တယ်လို့သိရပါတယ်။ မြောက်ဥက္ကလာပဆေးရုံနဲ့ ဟယ်လ်ပင်ကလေးဆေးရုံတို့ကိုပါ ထပ်တိုး ထောက်ပံ့လိုက်တဲ့အတွက် တစ်လကို သွေးအလှူရှင်တွေရဲ့ သွေးအုပ်စု စုစုပေါင်း (၆၀၀၀)နဲ့ (၇၀၀၀)ကြားလိုအပ်နေတယ်လို့ အမျိုးသားသွေးဌာနရဲ့ တာဝန်ခံ ဒေါက်တာသီတာအောင်က အခုလိုပြောပါတယ်။

အခုလို သွေးအလှူရှင်တွေလိုအပ်လာရတာက စေတနာရှင်သွေးအလှူရှင်တွေရဲ့ လှူဒါန်းမှုလျော့နည်းသွားတာကြောင့်မဟုတ်ဘဲ ဆေးရုံ(၂)ရုံကို ထပ်တိုးထောက်ပံ့လိုက်ရတာကြောင့် လိုအပ်လာတယ်လို့သိရပါတယ်။  ပြီးခဲ့တဲ့ မတ်လ နဲ့ ဧပြီလတွေမှာ သွေးလာရောက်လှူဒါန်းဖို့ ကြိုတင်စာရင်းပေသွင်းထားမှုမရှိပေမယ့်လည်း တစ်ရက်ကို စေတနာရှင်သွေးအလှူရှင် အယောက် (၂၀၀)နီးပါး လာရောက်လှူဒါန်းခဲ့ကြတယ်လို့သိရပါတယ်။

အမျိုးသားသွေးဌာနကို သွေးလှူဒါန်းချင်သူတွေအနေနဲ့ www.donatebloodmyanmar.org မှာကြိုတင် စာရင်းသွင်းလှူဒါန်းနိုင်သလို ရွေတိဂုံစေတီတော် အနောက်ဘက်မုဒ်မှာ နေ့စဉ် ညနေ(၄)နာရီကနေ ည(၇)နာရီထိ စေတနာသွေးလှူရှင်အဖွဲ့တွေဆီက သွေးများကိုအလှူခံလျှက်ရှိတယ်လို့ သိရပါတယ်။ ယခု (၂၀၁၉)ခုနှစ်မှာ အစိုးရဆေးရုံ(၂)ရုံကို ထပ်တိုးထောက်ပံ့နေတဲ့ သွေးပမာဏ လုံလောက်မှုရှိခဲ့ရင်တော့ လာမယ့် (၂၀၂၀)ပြည့်နှစ် မှာ အမျိုးသားသွေးဌာနအနေနဲ့ နောက်ထပ် အစိုးရဆေးရုံ (၄)ရုံကို ထပ်တိုးထောက်ပံ့ပေးနိုင်မယ်လို့ မျှော်မှန်ထားတယ်လို့ သိရပါတယ်။

 

 

Related News