သွေးကင်ဆာရောဂါရှင်များကူညီစောင့်ရှောက်မှုအသင်းက ဦးစီးပြုလုပ်တဲ့  သွေးရောဂါအကြောင်းသိကောင်းစရာ ဟောပြောပွဲကို ဇွန်လ(၉)ရက်က ရန်ကုန်မြို့အမျိုးသားသွေးလှူဘဏ်မှာ ပြုလုပ်ခဲ့တာပါ။ သွေးရောဂါအကြောင်းသိကောင်းစရာဟောပြောပွဲမှာ သွေးကင်ဆာရောဂါနဲ့ပတ်သက်တဲ့ အသိပညာတွေ၊ ကုသပျောက်ကင်းပုံတွေကို အဓိက ဟောပြောခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲကို သွေးကင်ဆာရောဂါဖြစ်ပွားခဲ့ပြီး ပျောက်ကင်းအောင်ကုသနိုင်ခဲ့တဲ့ သွေးကင်ဆာရောဂါရှင်တွေ စုစည်းပြီး လက်ရှိမှာသွေးကင်ဆာရောဂါဝေဒနာ ခံစားနေရတဲ့သူတွေကို စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေ ပြုလုပ်ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။သွေးကင်ဆာရောဂါအမျိုးအစားများစွာရှိတဲ့အနက် နာတာရှည်သွေးကင်ဆာနဲ့ အပြင်းစားသွေးကင်ဆာတို့ကအဖြစ်များတဲ့ ကင်ဆာရောဂါအမျိုးအစားတွေဖြစ်တယ်လို့သိရပါတယ်။

နာတာရှည်သွေးကင်ဆာက ပျောက်ကင်းအောင် မကုသနိုင်ပေမယ့်  ဖြစ်ပေါ်လာတဲ့ ကင်ဆာအမျိုးအစားအပေါ်မူတည်ပြီး နှစ်ရှည်လများ နေကောင်းအောင် ဆေးသောက်ပြီး နေထိုင်လို့ရတဲ့ ရောဂါဖြစ်တယ်လို့ သိရပါတယ်။ အပြင်းစားသွေးကင်ဆာကတော့ ကင်ဆာဆေးသွင်းပြီး ကုသရတဲ့ ရောဂါဖြစ်တယ်လို့ သိရပါတယ်။ ကင်ဆာရောဂါတွေကို ကုသနေချိန်မှာ အာဟာရရှိပြီး သန့်ရှင်းလတ်ဆတ်တဲ့ သေချာစွာကျက်အောင်ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကို စားသုံးရမှာဖြစ်ပြီး ပြင်ပအစားအစာတွေကို လုံးဝရှောင်ကျဉ်ရမှာဖြစ်တယ်လို့ သွေးရောဂါအထူးကုဆရာဝန်(ငြိမ်း) ပါမောက္ခ ဒေါက်တာရဲမြက အခုလိုပြောပါတယ်။လက်ရှိမှာ လူကြီးသွေးကင်ဆာရောဂါတွေကိုတော့ ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ မန္တလေးဆေးရုံကြီး ကလေးသွေးကင်ဆာရောဂါတွေကိုတော့ ရန်ကင်းကလေးဆေးရုံစတဲ့ ဆေရုံ(၄)ရုံမှသာ ကုသနိုင်သေးတယ်လို့ သိရပါတယ်။

 

 

Related News