လတ်တလောမှာ ပိုမိုသတိထားမိလာတဲ့ ပျားတူ(ဗဒူ)ကောင် အန္တရာယ်အထူးသတိပြုကြဖို့ လိုအပ်တယ်လို့ ပျားတူ(ဗဒူ)အုံကို ရှင်းလင်းပေးနေတဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပျားတွေနဲ့ သဘာဝချင်းတူလို့ မြန်မာစကားမှာ ပျားတူကောင်လို့ ခေါ်ကြတာပါ။ ကမ္ဘာပေါ်မှာ ဗဒူမျိုးစိတ်ပေါင်း (၂၀)ကျော်ရှိပြီး မြန်မာနိုင်ငံမှာတော့ မျိုးစိတ်(၂)မျိုးသာရှိတယ်လို့ သတ္တဗေဒ သုတေသနစာတမ်း တချို့မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ တွေ့ရတဲ့ ပတူအုံမှာတော့ ပတူဘုရင်မ၊ ပတူထီးနဲ့ ပတူလုပ်သားတွေနဲ့ ဝိုင်းဝန်းတည်ဆောက်ထားပါတယ်။ ပတူအကောင်ဟာ ပျားတွေလို့ပဲ သူတို့ကို မထိခိုက်မချင်း အန္တရာယ်မပေးဘူးလို့ လက်ရှိ ပတူအုံတွေကို လိုက်လံရှင်းလင်းပေးနေတဲ့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန အနောက်ပိုင်းခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဝင်းက ပြောပါတယ်။

ပတူအုံတစ်အုံမှာ အကောင်ရေ ထောင်ဂဏန်းကနေ သောင်းဂဏန်းထိရှိပါတယ်။ ပတူတွေဟာ အုံကို မြေပြင်မှာ တည်ဆောက် လေ့ရှိသလို အပင်မြင့်ထက်မှာလည်း အုံဖွဲ့ပြီးနေထိုင်တက်ပါတယ်။ ဒါ့အပြင် အိမ်တွေရဲ့ တံစက်မြိတ်၊ သစ်ခေါင်း ၊ သစ်ပင်ခြေရင်း၊ သစ်ဆွေးပုံ၊ ကြွတ်တွင်းနဲ့ မြေတွင်းတွေမှာ အသိုက်အုံဖွဲ့ပြီးနေထိုင်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ ဇွန်လပိုင်းထဲမှာ (၃၅)ကြိမ်လောက် ပတူအုံတွေကိုလိုက်လံ ရှင်းလင်းပေးခဲ့ရပြီး ယခင်နှစ်များထက်ပိုမို ရှင်းပေးဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန အနောက်ပိုင်းခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဝင်းက ပြောပါတယ်။

ပတူကောင်က ပျားလိုပဲ သူရဲ့ ဖင်မှာရှိတဲ့ချွှန်ထက်တဲ့ အမြီးနဲ့ လူ့အရေပြားကို ထိုးသွင်းတုပ်တာ ဖြစ်တာကြောင့် ပတူအတုပ်ခံရပြီ ဆိုရင် အဆိပ်ဝင်သွားတဲ့နေရာက အရင်ဆုံးနာကျင်မှုကို ခံစားရတယ်လို့ ပြောပါတယ်။ ဒီလိုအတုပ်ခံရပြီဆိုရင်တော့ ရှေးဦးပြုစု နည်းတွေတော့ ရှိပါတယ်။ ရောင်ရမ်းမှုဖြစ်မလာအောင် လက်၊ ခြေထောက်တွေကိုမြှောက်ထားပြီး အတုပ်ခံရတဲ့နေရာကို ရေခဲကပ် ပေးလို့ရပါတယ်။  နီးစပ်ရာဆေးရုံဆေးခန်းတွေမှာ ပြသတာကတော့ အကောင်းဆုံးဖြစ်တယ်လို့ ပတူကောင်ကို ကူညီရှင်းလင်း ပေးတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) အရန်မီးသတ်တပ်ဖွဲ့မှ ကြီးကြပ်ရေးမှူး ကိုရဲသွင်ထွဋ်က ပြောပါတယ်။

ပတူအုံကိုတွေ့ရင် ခဲနဲ့ပေါက်တာ၊ တုတ်နဲ့ ရိုက်တာမျိုးတွေကို ရှောင်ကြဉ်ကြဖို့နဲ့ တွေ့ရှိတာနဲ့ သက်ဆိုင်ရာကို ချက်ချင်း အကြောင်းကြား ရှင်းလင်းဖို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ ဖုန်းနံပါတ် (၁၉၁)ကို ခေါ်ဆိုပြီး အကူညီတောင်းနိုင်တယ်လို့ သိရပါတယ်။ လူကြီးတစ်ယောက်ဟာ ပတူအချက်တစ်ထောင်အတုပ်ခံရရင် သေဆုံးနိုင်သလို ကလေးတစ်ယောက်ကတော့ ပတူအချက်ငါးရာ အတုပ်ခံရရင် သေဆုံးနိုင်တယ်လို့ သိရပါတယ်။

 

 

Related News