လာမယ့် (၂၀၂၀) ပြည့်နှစ်ရောက်တာနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးက ပြည်သူ့ဆေးရုံကြီးတွေမှာ အရေးပေါ်ကုသမှုဌာန တွေကို အဆင့် မြှင့်တင် ဖွင့်လှစ်ပေးမှာ ဖြစ်တယ်လို့ဇူလိုင်လ(၂၀)ရက်ကပြုလုပ်ခဲ့တဲ့ အရေးပေါ်ကုသမှုဆေးပညာ ဆရာဝန်များ အဖွဲ့၏ ပထမဆုံးအကြိမ် ညီလာခံမှာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားခဲ့တာပါ။အရင်ကတည်းက ပြည်သူ့ဆေးရုံကြီးတွေမှာ အရေးပေါ်ဌာနတွေ ဖွင့်လှစ်ထားပေမယ့် နိုင်ငံတကာအဆင့်မီကုသမှုတွေမရရှိပါဘူး။ အရေးပေါ် ကုသမှု ဆေးပညာရပ်ဆိုပြီး မြန်မာနိုင်ငံမှာ တရားဝင်သင်ယူလို့ရတဲ့အချိန် ၂၀၁၃ နောက်ပိုင်းမှာတော့ အရေးပေါ်ကုသ ရေး အထူးကုဆရာဝန် တွေကို မွေးထုတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဆရာဝန်တွေက အခြားအထူးကုဆရာဝန်တွေလို အရေးပေါ်ကို အထူးဘာသာရပ်ယူထားတာ ဖြစ်ပါတယ်။ ဒီလိုဆရာဝန်တွေခန့်အပ်ပြီး ဆေးကိရိယာပစ္စည်းစုံလင်တဲ့ အရေးပေါ်ဌာနတွေက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ခုတင် တစ်ထောင် ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနဲ့ မန္တလေး ပြည်သူ့ဆေးရုံကြီးတို့မှာ အဆင့်မြှင့်ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ ဒီလို အရေးပေါ်ဌာနတွေကို (၂၀၂၀) ပြည့်နှစ်နောက်ပိုင်း မှာ သင်္ဃန်းကျွန်း၊ ပုသိမ်၊ လားရှိုး၊ တောင်ကြီးနဲ့ ပဲခူးပြည်သူ့ဆေးရုံကြီးတို့မှာ အဆင့်မြှင့်တင် ဖွင့်လှစ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

အရေးပေါ်ကုသမှုဌာနတွေကို အဆင့်မြှင့်တင်ပြီး နောက်ပိုင်းမှာ အရေးပေါ်ရောက်လာတဲ့လူနာတွေကို (၇၀) ရာခိုင်နှုန်းကနေ (၈၀) ရာခိုင်နှုန်း အထိ အသက်ကယ်လာနိုင်တယ်လို့သိရပါတယ်။ အရေးပေါ် ဌာနကို ရောက်လာတတ်တဲ့ လူနာအများစုကတော့ ထိခိုက် ဒဏ်ရာရတာ၊ ယာဉ်မတော်တဆဖြစ်တာ၊ နှလုံးသွေးကြောပိတ်ပြီး အသက်အန္တရာယ်ရှိတာ၊ လေဖြတ်တာ၊ ကူးစက်ရောဂါ၊ ရာသီ တုပ်ကွေးရောဂါ၊ အဆုတ် အအေးမိ(နမိုးနီးယား) ရောဂါတွေနဲ့ ရောက်လာတတ်ကြပါတယ်။ အဲ့ဒီလူနာတွေဟာ အသက် မကယ်ရင် ချက်ချင်းသေဆုံးသွားနိုင်တဲ့ လူနာတွေ ဖြစ်ပြီး အရေးပေါ်ဌာနရဲ့ ကုသပေးနိုင်မှု အစိတ်ပိုင်းဟာ အရေးပါနေပါတယ်။ အရေးပေါ်ကုသမှုဆေးပညာ ဆရာဝန်များအဖွဲ့၏ ပထမဆုံးအကြိမ်ညီလာခံကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း နဲ့ တာဝန်ရှိသူများ တက်ရောက် ခဲ့ပါတယ်။  အရေးပေါ်ကုသမှု ဆေးပညာရပ်ကို (၂၀၁၃) ခုနှစ်နောက်ပိုင်းမှာမှ မြန်မာနိုင်ငံဆေးကောင်စီကနေ အထူးပြုဘာသာရပ်ဆိုပြီး အသိမှတ်ပြုသင်ကြားစေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အရေးပေါ်အထူးကုဆရာဝန် (၇၀) ကျော်မွေးထုတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News