ရန်ကုန်မြို့ရဲ့ နေရာအချို့မှာ ယောဂနည်းပြဆရာတွေအများစုကတော့ ယောဂကျင့်စဉ်တွေကို နေ့စဉ် မနက်(၆)နာရီကစလို့ ပရဟိတအဖြစ် လိုက်လံသင်ကြားပေးနေပြီး အဲ့ဒီ့သင်တန်းတွေကိုတော့ အခမဲ့ လာတက်ရောက်နိုင်တယ်လို့ သိရပါတယ်။ယောဂကျင့်စဉ်တွေက နည်းပြဆရာမရှိပဲ တစ်ယောက်တည်း လေ့ကျင့်ဖို့က ခက်ခဲတဲ့ လေ့ကျင့်မှုပဲ ဖြစ်ပါတယ်။ သင်တန်းကြေးနဲ့ မတက်ရောက် နိုင်သူတွေအတွက် လေ့ကျင့်စဉ်ကိုလည်း ရရှိစေချင်သလို ကျန်းမာရေးအတွက် ကောင်းစေချင်တာကြောင့် ယောဂနည်းပြဆရာတွေက အခုလို ယောဂကျင့်စဉ်တွေကို အခမဲ့လိုက်လံသင်ကြားပေးဖြစ်တာလို့ ပြောပါတယ်။

အခမဲ့ သင်ကြားတာတွေကို ဗိုလ်တထောင်ကမ်းနား၊ အင်းစိန်နံ့သာ မြိုင်ပန်းခြံနဲ့ သင်္ဃန်းကျွန်းမြို့နယ်ထဲက လက်ဆယ်ကန်နေရာတွေမှာ မနက်(၆)နာရီကစလို့ ပရဟိတအဖြစ် လိုက်လံသင်ကြားပေးနေပြီး အဲ့ဒီ သင်တန်းတွေကိုတော့ အခမဲ့ လာတက်ရောက်နိုင်တယ်လို့ ယောဂအခမဲ့လိုက်လံသင်ကြားပေးနေတဲ့ ယောဂနည်းပြဆရာမ မမြသူဇာက ပြောပါတယ်။ယောဂဟာ ခန္ဓာကိုယ်တခုတည်းကိုပဲ ကျန်းမာသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းမဟုတ်ပေမယ့် ယောဂကျင့်ခြင်းအားဖြင့် နာတာရှည် နာကျင်မှု ဝေဒနာတွေဖြစ်တဲ့ အဆစ်အမြစ်တွေ နာကျင်ရောင်ရမ်းတာ၊ ကျောနာ၊ ကျောအောင့်တာ၊ ခေါင်းကိုက်တာနဲ့ carpal tunnel syndrome လို့ခေါ်တဲ့ ခြေလက်တွေမှာ ဖြစ်လေ့ရှိသော ကြွက်သားနဲ့ အကြောဆိုင်ရာ ရောဂါတွေကို သက်သာစေတာကြောင့် အခုလို ပရဟိတသင်ကြားတဲ့ နေရာတွေမှာ လာရောက်လေ့ကျင့်ဖြစ်တယ်လို့ ဒေါ်စန်းစန်းဝေနဲ့ ဒေါ်သန်းကြည်တို့က ပြောပါတယ်။

ယောဂကျင့်စဉ်ဟာ ကိုယ်ခန္ဓာ အင်္ဂါအစိတ်အပိုင်းတွေကို နှိပ်ပေးပြီးတော့ သွေးလှည့်ပတ်မှု တိုးတက်စေပြီး ကြွက်သားတွေကို သန်စွမ်းစေ ပါတယ်။ ဒါ့ပြင် ယောဂဟာ ပြန်ရည်ကြော စနစ်လည်ပတ်မှုကိုပါ တိုးတက်စေတာမို့ ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေကို ကိုယ်ခန္ဓာအပြင်ကို စွန့်ထုတ်ပေးပါတယ်။ သင်ကြားပေးတဲ့ အခါမှာလည်း လာလေ့ကျင့်သူအများစုဟာ အသက်အရွယ်အကြီးပိုင်းတွေပါ ဝင်တာကြောင့် ယောဂ ကျင့်စဉ်ကို စနစ်တကျရွေးချယ်သင်ကြားရတယ်လို့ ယောဂအခမဲ့လိုက်လံသင်ကြားပေးနေတဲ့ ယောဂနည်းပြဆရာမ မသီတာအောင်က ပြောပါတယ်။ပရဟိတအဖြစ်လိုက်လံသင်ကြားပေးနေတဲ့ နေရာတွေမှာ လက်ရှိမှာတော့ နေရာတစ်နေရာမှာ အနည်းဆုံး လူ(၃၀)ကနေ(၅၀)ကြားဝန်းကျင်ရှိပြီး လာတက်ရောက်လိုသူတွေအနေနဲ့ကလည်း နည်းပြဆရာတွေရဲ့ ဖုန်းနံပါတ်တွေဖြစ်တဲ့ 09-420197213 နဲ့ 09-254907896 တို့ကို မေးမြန်း ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

 

 

Related News