ရန်ကုန်တိုင်းဒေသကြီးမှာ  ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် သေဆုံးတယ်လို့ ဓာတ်ခွဲအတည်ပြုပြီးသူဦးရေ (၆၂) ဦး ရှိနေပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ ထုတ်ပြန်ထားတဲ့ စာရင်းအရသိရပါတယ်။ယခုနှစ် ဇန်နဝါရီလ (၁) ရက်ကနေ သြဂုတ်လ(၁)ထိ  ရန်ကုန်တိုင်းမှာ ရာသီတုပ်ကွေး H1N1 ရောဂါနဲ့ သေဆုံးခဲ့သူ(၆၂) ဦးရှိနေပြီဖြစ်ပါတယ်။ ဒီအတိုင်းအတာဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရန်ကုန်တိုင်းမှာ H1N1 ရောဂါနဲ့ သေဆုံးခဲ့တဲ့သူဦးရေ (၃၂) ဦးကို ထက်ဝက်ခန့်ကျော်လွန် လာပြီဖြစ်ပါတယ်။ သြဂုတ်လ(၁)ရက်အထိ ထုတ်ပြန်ထားတဲ့ စာရင်းအရဆိုရင် ရန်ကုန်တိုင်းမှာ H1N1 ရောဂါဖြစ်ပွားနေသူဟာ နှစ်ရာကျော် အထိ ရှိနေပါတယ်။ ဒီလူတွေဟာ H1N1 ရောဂါဖြစ်ပွားလျက်ရှိတယ်လို့ စစ်ဆေးအတည်ပြုပြီးသူတွေဖြစ်ပြီး ယခုလက်ရှိမှာတော့ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်ထဲမှာပဲ H1N1 ရောဂါ ဖြစ်ပွားနေသူဦးရေ (၂၀) နဲ့ ထိပ်ဆုံးမှာ ရှိနေတာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံကြည့်မယ်ဆိုရင်လည်း တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာ ရန်ကုန်တိုင်းက ရာသီတုပ်ကွေး H1N1 ရောဂါ ဖြစ်ပွားမှုအများဆုံး ဒေသဖြစ်သလို ဒီရောဂါနဲ့ပဲ လူအများဆုံးသေဆုံးနေတဲ့ တိုင်းဒေသကြီးအဖြစ် ဇယားမှာ ရပ်တည်လျက်ရှိပါတယ်။ လက်ရှိမှာတော့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မိမိမှာ တုပ်ကွေးရောဂါဖြစ်ပွားတယ်လို့ သံသယရှိတာနဲ့ လူထူထပ်ရာကိုမသွားပဲ နှာခေါင်းစည်းနဲ့ ကာကွယ်တာ၊ လက်ပုံမှန်ဆေးကြောတာတွေကစပြီး မိမိကိုယ်တိုင်က စကာကွယ်ပါလို့ တိုက်တွန်းထားပါတယ်။ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် သေဆုံးခဲ့သူတွေထဲမှာ အသက်ငါးနှစ်အောက်ကလေးတွေ၊ အသက် ၆၅ နှစ် အထက် သက်ကြီးရွယ် အိုတွေ၊ ကင်ဆာရောဂါဖြစ်နေသူတွေ၊ မွေးရာပါနှလုံးရောဂါရှိသူတွေ ဖြစ်တယ်လို့သိရပါတယ်။ H1N1က ရောဂါအခံရှိသူတွေမှာ ကူးစက်ခံရရင် ပိုမိုပြင်းထန်ပြီး  နောက်ဆက်တွဲရောဂါပြင်းထန်အဆုတ်ရောင်ရောဂါ (နမိုးနီးယား)နဲ့ သေဆုံးကြတာဖြစ်ပါတယ်။

 

 

Related News