ကန်ပြားဘက်ကနေ ၀ါးခုတ်ပြန်လာတဲ့ ၀ါးကားတစ်စီးတိမ်းမှောက်ပြီး ၁၃ ဦးသေဆုံးတဲ့ ယာဉ်မတော်တဆမှုတစ်ခု နေပြည်တော် - ကန်ပြား လမ်းဟောင်းမှာ ဇန်န၀ါရီ ၉ ရက် ညနေပိုင်းကဖြစ်ပွားသွားပါတယ်။ ၀ါးကားပေါ် လူ ၃၃ ဦးလိုက်ပါလာရာမှာ ၁၁ ဦးဟာ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးခဲ့ပြီး  နှစ်ဦးကတော့ ဆေးရုံမှာ  သေဆုံးသွားတယ်လို့ သိရပါတယ်။

ကျန် ၁၉ ဦးဟာလည်း နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး လုံးဝဒဏ်ရာမရသူ တစ်ဦးသာရှိတယ်လို့သိရပါတယ်။အခင်းဖြစ်ပွားချိန်ဟာ ညနေ ၄ နာရီခွဲလောက်မှာဖြစ်ပေမယ့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေဟာ ညပိုင်းမှသာ ရောက်ရှိလာတယ်လို့ သိရပါတယ်။ယာဉ်မတော်တဆမှုဟာ အရှိန်မထိမ်းနိုင်လို့ဖြစ်သွားတာလို့ ယာဉ်မှုစစ်က သုံးသပ်ထားပါတယ်။  

လမ်းအရှည် ၇၉ မိုင်ကျော်ရှိတဲ့ နေပြည်တာ် - ကန်ပြား လမ်းဟောင်းမှာ နေ့စဉ် ယာဉ်အစီးရေ ထောင်ဂဏန်းလောက် ဖြတ်သန်းနေတယ်လို့ သိရပါတယ်။  အတက်အဆင်းများပြီး လမ်းကျဉ်းမြောင်းနေတယ်ဆိုပေမယ့် ဒီလမ်းပိုင်းမှာ ယာဉ်တိမ်းမှောက်မှု ဖြစ်လေ့ဖြစ်ထ နည်း တယ်လို့  ယာဉ်မှုစစ်၊ တပ်ဖွဲ့စု(၃) တာဝန်ရှိသူကပြောပါတယ်။

    

Related News