တောလမ်းခရီးခရီးရှည်မှာဆင်စီးသွားလာနိုင်မယ့် ခရီးစဉ်ကိုနတ်ပေါက်ဆင်စခန်းကနေည အိပ်လေ့လာရေးခရီးရှည်တစ်ခုအနေနဲ့ လာမယ့် ဖေဖော်ဝါရီလထဲမှာအကောင်အထည်ဖော်နိုင်မယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အင်းတော်မြို့နယ်အတွင်းက နတ်ပေါက်ဆင်စခန်းကို သဘာဝအခြေခံခရီးသွားနယ်မြေအဖြစ် လာရောက်လေ့လာခွင့်ပြုတာ နှစ်လကျော်ရှိပါပြီ။ လက်ရှိမှာတော့ စခန်းအတွင်း ဆင်တွေရဲ့ သဘာဝအတိုင်းပြုမှုနေထိုင်ပုံတွေကို စနစ်တကျလေ့လာနိုင်မှာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ကသာအနောက်ဘက်သစ်ထုတ်လုပ်ရေးဒေသအတွင်းခရီးရှည်ဆင်စီးကာ သဘာဝအလှအပတွေနဲ့ ဆင်စခန်းတစ်ခု ချင်းစီရဲ့ပုံရိပ်ကိုထင်ဟတ်နိုင်မယ့် ခရီးစဉ်သစ် တွေတိုးချဲ့ဖို့အတွက် ဆောင်ရွက်နေတယ်လို့ ကသာအနောက် သစ်ထုတ်လုပ်ရေးဒေသ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒီခရီးစဉ်မာနိုင်ငံခြားခရီးသွားဧည့်သည်တွေကိုအဓိကဆွဲဆောင်နိုင်ဖို့အတွက် သဘာဝကျကျ အဆောက် အအုံတွေလည်း တည်ဆောက်နေပြီး ကသာအနောက်ဘက်သစ်ထုတ်လုပ်ရေးဒေသအတွင်းက သတ်မှတ်ထား တဲ့ဆင်စခန်းတွေ ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို အသေးစိတ်လေ့လာနိုင်မယ်လို့သိရပါတယ်။ လာရောက် လည်ပတ်သူတွေအတွက် လုံခြုံရေးကိုလည်းအထူးအလေးပေးလုပ်ဆောင်သွား မယ်လို့ပြောပါတယ်။

ဒီလိုခရီးရှည်ဆင်စီးနင်းခြင်းအတွက်ကုန်ကျစရိတ်တွေအတိအကျ မထွက်လာသေးပေမဲ့ ဆင်အစာအတွက် ငွေကျပ်တစ်သောင်းဝန်း ကျင်ခန့်၊ ကသာအနောက်ဘက်သစ်ထုတ်လုပ်ရေး ဒေသအတွင်းက ဆင်တွေကိုအသုံးပြုတဲ့အတွက် ဌာနကိုဆင်တစ်ကောင်ကိုအသုံးပြုခငွေကျပ် ငါးသောင်းဝန်းကျင် သတ်မှတ်သွားမယ်လို့တော့သိရပါတယ်။

Related News