ထိုင်းလိပ်ကျွန်းအမှုမှာ မြန်မာနှစ်ဦးချမှတ်ခံထားရတဲ့ ပြစ်ဒဏ်အတွက် အယူခံနောက်ဆုံး အဆင့် တရားရုံးဖြစ်တဲ့ အမြင့်ဆုံးတရား လွှတ်တော်ချုပ်အထိ အယူခံထပ်တက်နိုင်ဖို့ လုပ်ဆောင် နေပြီလို့ သိရပါတယ်။ လာမယ့် မတ်လ ၈ ရက်နေ့မှာတော့ ထိုင်းရှေ့နေများကောင်စီနဲ့ လိပ်ကျွန်းအမှုဆိုင်ရာ မြန်မာဘက်က ဆောင်ရွက်ပေးနေသူတွေတွေ့ဆုံပြီး ဆက်လက် လုပ်ဆောင်မယ့် အယူခံကိစ္စတွေအတွက် ဆွေးနွေးကြတော့မှာပါ။ မြန်မာနှစ်ဦးရဲ့ သေဒဏ်ပြစ်ဒဏ်နဲ့ ပတ်သတ်ပြီး စာမျက်နှာ ၂၀၀ နီးပါးပါတဲ့ အယူခံလွှာကို ပြီးခဲ့တဲ့နှစ် ၂၀၁၆ မေလ၂၃ ရက်က အယူခံတရားရုံးကိုတင်သွင်းခဲ့ပေမယ့် ၉ လ လောက်ပြန်လည် သုံးသပ်အပြီး မူလစီရင်ချက်ကိုပဲထပ်မံအတည်ပြုခဲ့ပါတယ်။

ဒါ့ကြောင့် ဒီအမှုကိုလိုက်လံ ဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများ ကောင်စီအနေနဲ့ တရားလွှတ်တော်ချုပ်အထိ အယူခံတင်ဖို့ လုပ်ဆောင်နေပါပြီ။ ပထမအယူခံလွှာမှာတော့ DNA  မတူညီတဲ့အချက်နဲ့ အမှုစစ်ဆေးပုံတွေအပေါ် အခြေခံပြီး တင်ပြခဲ့တာဖြစ်ပြီး အခုတစ်ခေါက်မှာတော့ အယူခံတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုကြည့်ပြီး အယူခံလွှာပြန်လည် သုံးသပ်မယ်လို့ သိရပါတယ်။အယူခံတရားရုံးရဲ့စီရင်ချက်ကိုတော့ တရားခံရှေ့နေတွေဘက်အသိမပေးပဲ မြန်မာနှစ်ဦးရှိရာ နွန်ထ ဘူရီ ဘန်ခွမ်အကျဉ်းထောင်ကို ဖေဖော်ဝါရီ၂၃ရက်မှာ သီးသန့်လာရောက်ဖတ်ပြပြီး လက်မှတ်ထိုးစေခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် တရားလွှတ်တော်ချုပ်ထံ အယူခံကိုတော့ ရက်ပေါင်း ၃၀ အတွင်း တင်ပြရမှာဖြစ်ပြီး ရက်ထပ်တိုးတောင်းဆိုခွင့်လည်းရှိနေပါတယ်။ လိပ်ကျွန်းနဲ့ပတ်သတ်ပြီး နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတကြီးတို့ကလည်း စိတ်မကောင်း ဖြစ်ရပြီးနောက်ဆုံးအဆင့် ထိ ဆက်လက်အကောင်းဆုံး လုပ်ဆောင်ဖို့မှာ ကြားထားတယ်လို့ သိရပါတယ်။ မနေ့က ထောင်ဝင်စာတွေ့ပြီးချိန်မှာတော့ မြန်မာနှစ်ဦးရဲ့ ကျန်းမာရေးဟာ ကောင်းမွန်လျက်ရှိနေတယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံလိပ်ကျွန်းမှာ ပြီးခဲ့တဲ့ ၂၀၁၄ စက်တင်ဘာ ၁၅ရက်က ဗြိတိန်စုံတွဲ အသတ်ခံခဲ့ရမှုနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားနှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ကို ထိုင်းကော့စမွီတရားရုံးက လူသတ်မှု၊ မုဒိမ်းမှုအပါအ၀င် ပုဒ်မ ၇ ခုနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ဒီဇင်ဘာ ၂၄ရက်က သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

 

Related News