ရထားသံလမ်းပြတ်တောက်နေမှုကို ဘူတာရထားရဲစခန်းကို အချိန်မှီလာရောက်သတင်းပေးပိုခဲ့သူ မအေးစန္ဒာကို မတ်လ ၁၄ရက်က ကန့်ဘလူမြို့နယ် ထန်းတပင်ဘူတာမှာ ပြည်ထောင်စုအဆင့် ဂုဏ်ပြုချီးမြင့်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းတပင်ဘူတာနဲ့ ညောင်ဇင်ဘူတာအကြား ဖေဖော်ဝါရီလ(၆)ရက်က ရထားသံလမ်းတစ်ပေခန့် အဆက်ပြတ်တောက်မှု အခြေအနေကို ကန့်ဘလူမြို့နယ် လက်ထုပ်ကုန်းရွာနေ မအေးစန္ဒာကတွေ့ရှိခဲ့ပြီး ထန်းတပင်ဘူတာ ရထားရဲစခန်းကို သွားရောက်သတင်းပေးပို့ ခဲ့တယ်လို့သိရပါတယ်။ ဒီလိုသတင်းပေးပို့ခဲ့တဲ့အတွက် ထန်းတပင်ဘူတာကို မနက် ၈နာရီဝန်းကျင် ဖြတ်သန်းမယ့် မန္တလေးမြစ်ကြီးနား အစုန်ရထားကိုအချိန်မှီ တားဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

 မအေးစန္ဒာအနေနဲ့ မနက် ၆ နာရီနဲ့၇ နာရီအကြားစပါးကြိတ်ထွက်လာချိန် ရထားသံလမ်း အဆက် တစ်ပေခန့် ပြတ်တောက်နေမှုကို မြင်တွေ့ခဲ့ပြီးနောက် သတင်းပေးပို့ခဲ့တယ်လို့ သူမကပြော ပါတယ်။ နောက်တစ်နေ့ ဖေဖော်ဝါရီ (၇) ရက်မှာတော့ သူမကို မြန်မာ့မီးရထားကနေ တိုင်းအဆင့် ချီးကျူးဂုဏ်ပြုမှုတွေချက်ခြင်းလုပ်ဆောင်ခဲ့သလို ပြည်ထောင်စုအဆင့်ဂုဏ်ပြုတာကို ဆက်လက်လုပ်ဆောင် တာဖြစ်တယ်လို့သိရပါတယ်။ ဒီကန့်ဘလူမြို့နယ်မှာ ခရီးသည်ရထားတစ်စင်း၊ ဆီတင်ရထားတစ်စင်း တိမ်းမှောက်မှုဖြစ်စဉ် တွေရှိခဲ့ပါတယ်။ မန္တလေး မြစ်ကြီးနားရထားလမ်းပိုင်းကို နေ့စဉ်အသုံးပြုနေတဲ့ ရထားအစုန်အဆန် သွားလာမှုဟာ ၂၀ နဲ့ ၃၀ ကြားရှိပြီး ရထားလမ်းကြံ့ခိုင်မှုအားနည်းတာ တွေရှိတယ်လို့ သိရပါတယ်။

 

 

Related News