နိုင်ငံခြားရေးဝန်ကြီးဌာန စတင်တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ဗိုလ်ချုပ်ပုံပါ တံဆိပ်ခေါင်းတွေနဲ့ စာအိတ်တွေကို မတ်လ ၁၇ ရက်နေ့ကစတင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ရောင်းချနေပြီဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ သက်ဆိုင်ရာ မြို့နယ်စာတိုက်တွေမှာ မတ်လ ၁၇ ရက် မနက် ၉ နာရီခွဲက စတင်ရောင်းချနေတာ ဖြစ်ပြီး နေပြည်တော်မှာရှိတဲ့ ဗဟိုစာတိုက်ကြီးမှာလည်း စတင်ရောင်းချနေပါပြီ။ 

 နိုင်ငံခြားရေးဝန်ကြီးဌာန နှစ် ၇၀ ပြည့် ဖြစ်တဲ့အပြင် ဗိုလ်ချုပ်အောင်ဆန်းကိုလည်း ဂုဏ်ပြုတဲ့အနေနဲ့ အခုလို ဗိုလ်ချုပ်ပုံပါ တံဆိပ်ခေါင်းတွေ၊ စာအိတ်တွေကို ထုတ်လုပ်ရောင်းချ ရခြင်းဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မြန်မာ့စာတိုက် လုပ်ငန်းရဲ့ တိုင်းဒေသကြီးမန်နေဂျာ ဦးသောင်းနိုင်စိုးက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ပုံပါဝင်တဲ့ တံဆိပ်ခေါင်းတွေ၊ စာအိတ်တွေကို မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်က စတင် ထုတ်လုပ်ရောင်းချတာဖြစ်ပြီး အခုအကြိမ်ကတော့စတုတ္ထအကြိမ်မြောက်ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီတစ်ကြိမ် ထုတ်ဝေရောင်းချရာမှာတော့ တံဆိပ်ခေါင်း၊စာအိတ်အပါအ၀င် အမျိုးအစား ၄ မျိုးကို စုစုပေါင်း မြန်မာငွေ ၁၃၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့လည်း ဦးသောင်းနိုင်စိုးက ပြောပါတယ်။

ဗိုလ်ချုပ်ပုံပါ တံဆိပ်ခေါင်းတွေ၊ စာအိတ်တွေကို မတ်လ ၁၇ ရက်က စတင်ရောင်းချရာမှာ ရန်ကုန်မြို့အတွက် သိန်း ၁၅၀ ဖိုး ရောင်းချဖို့ ခွင့်ပြုထားပြီး မနက်ပိုင်းမှာပဲ အားလုံးရောင်းကုန် သွားခဲ့သလို နေပြည်တော်အတွက် သိန်း ၁၂၅ သိန်းဖိုး ခွင့်ပြုထားရာမှာ မတ်လ ၁၇ ရက်မနက်ပိုင်းမှာပဲ သိန်း ၁ ရာကျော်ဖိုး ရောင်းချထားရတယ်လို့ သိရပါတယ်။ 

 

 

Related News