ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ကဦးစီးပြီး နှစ်သစ်မင်္ဂလာဆွမ်းကပ်လှူတာ၊ ပရိတ်တရားတော် ယူတာ နှစ်သစ်သွေးလှူဒါန်းပွဲနဲ့ ဇီဝိတဒါနဘေးမဲ့လွှတ်တာတွေကို ဧပြီလ၁၇ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒါဟာနှစ်စဉ်ပြုလုပ်နေကျအခမ်းအနားတွေဖြစ်သလို ဒီနှစ်မှာလည်း ယခင်နှစ်တွေကအတိုင်း ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။မနက်၅နာရီမှာတော့ ရွှေတိဂုံစေတီတော်ကြီးကို လှူဖွယ်ဝတ္ထုတွေဖြစ်တဲ့ ဆွမ်း၊သစ်သီး၊ပန်း၊ရေချမ်း၊ဆီမီးနဲ့ နံ့သာတိုင်တွေကို ကပ်လှူပူဇော်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ သြ၀ါဒရိယဆရာတော်ကြီးတွေနဲ့ပင့်သံဃာတွေကို အာရုဏ်ဆွမ်းဆက်ကပ်ပူဇော်ခဲ့သလို ဆရာတော်ကြီး တွေကလည်း ပရိတ်တရားတော်တွေပြန်လည်ဟောကြားခဲ့ပြီး ရေစက်ချအမျှဝေတာတွေ လည်း ပြုလုပ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ရေသတ္တ၀ါတွေကို ဘေးမဲ့လွှတ်ခဲ့ပြီး (၂၉)ကြိမ်မြောက်ဒါန ဥပပါရမီစုပေါင်းသွေးလှူတာကိုလည်း ပြုလုပ်ခဲ့ပါတယ်။ရေသတ္တ၀ါ၁၀၀၀ကျော်ကို ဘေးမဲ့လွှတ်ပေးခဲ့ပြီးသွေးလှူဒါန်းသူအလှူရှင် စုစုပေါင်းဟာလည်း ၆၀၀ကျော်တယ်လို့ သိရပါတယ်။မြန်မာ့နှစ်သစ်ကူးနေ့ရက်မှာ အခုလိုလှူဒါန်းပူဇော် တာတွေကို ပြုလုပ်တာဟာ စိတ်ချမ်းမြေ့စေတယ်လို့လည်း ဆိုပါတယ်။ နှစ်သစ်မင်္ဂလာအခမ်းအနားတွေကို ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ဘာသာရေးနဲ့ပရဟိတအသင်းပေါင်း(၈၀၀) ကျော်က စုပေါင်းအားဖြည့်ပေးထားတယ်လို့သိရပါတယ်။ 

 

Related News