ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ ယာဉ်မတော်တဆမှု ၅မှုဖြစ်ပွားခဲ့ ပြီး လူ (၃) ဦးသေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ(၂၅)ဦးထိရှိခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်သင်္ကြန်ကာလတွင်းက ရန်ကုန်တိုင်းဒေသကြီးမှာ ယာဉ်မတော်တဆမှု (၃)မှုသာဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့သူမရှိခဲ့သလို ဒဏ်ရာရရှိသူ (၈) ဦးသာရှိခဲ့တာကြောင့် အခုနှစ်မှာ အရင်နှစ်ကထက် ယာဉ်မတော်တဆမှုပိုမိုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှု လျော့နည်းစေဖို့ အသိပေးလမ်းညွှန်ချက်တွေ၊ အသိပညာပေးလုပ်ငန်းတွေကို ကြိုတင်လုပ်ဆောင်ခဲ့ပေမယ့် ယာဉ်မောင်းသူတွေရဲ့ စည်းကမ်းမလိုက်နာမှုကြောင့် အခုလို ယာဉ်မတော်တဆမှုတွေ ပိုမိုဖြစ်ပွားလာခဲ့ တာလို့သိရပါတယ်။

ယာဉ်မတော်တဆမှုတွေပိုမိုများပြားခဲ့ပေမယ့် ခိုက်ရန်ဖြစ်ပွားမှုကတော့ မနှစ်ကထက် လျော့နည်းလာတယ်လို့လည်း ရဲမှူးလှဝေကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က သင်္ကြန်ကာလ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ခိုက်ရန်ဖြစ်ပွားမှု (၁၁)မှုရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၆ ဦးရှိခဲ့ပေမယ့် အခုနှစ်မှာတော့ခိုက်ရန်ဖြစ်ပွားမှု (၅)မှုသာ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၅)ဦးရှိတယ်လို့လည်းပြောပါတယ်။သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ အမှုပေါင်း ၂၂၃ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၄ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၁၁ ဦးထိရှိခဲ့တယ်လို့လည်းသိရပါတယ်။

 

 

Related News