သင်္ကြန်ကာလအတွင်း ယာဉ်စီးခ ပိုမိုကောက်ခံခဲ့တဲ့ YBS ယာဉ်လိုင်းတွေကို စစ်ဆေးကာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ သင်္ကြန်အတွင်း ကားခဈေးနှုန်းတွေကို တိုးမြင့်ကောက်ခံခဲ့တဲ့အပေါ် ခရီးသွားပြည်သူတွေက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့သို့ တိုင်ကြားခဲ့ပြီး  အမှုပေါင်း (၃၈)မှုရှိတယ်လို့ သိရပါတယ်။

ဒီလိုတိုင်ကြားမှုတွေကို ယခုလအတွင်း စစ်ဆေး အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ တိုင်ကြားခံထားရတဲ့ ယာဉ်လိုင်းတွေကို ဘယ်လိုပုံစံမျိုးနဲ့ အရေးယူ ဆောင်ရွက်သွားမယ် ဆိုတာကိုတော့ ပြောကြားနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ သင်္ကြန်ကာလအတွင်းမှာYBS ယာဉ်လိုင်းပေါင်း(၈၁)လိုင်းမှ ယာဉ်စီးရေ (၃၅၀၀)ကျော်ထဲက အစီးရေ (၈၀၀)ကျော်သာ ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ သင်္ကြန်ကာလမှာYBS ယာဉ်လိုင်းအများစုကို ယာဉ်စီးခ ပိုမိုတောင်းခံခဲ့ပါက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့က အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ယာဉ်စီးခပိုမိုတောင်းခံမှုတွေ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

Related News