ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းရဲ့ အသင်းဝင်များ ဖြစ်တဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက စားသောက်ဆိုင်လုပ်ငန်းရှင်တွေရဲ့  နှစ်ပတ်လည်အသင်းသား စုံညီအစည်းဝေးကို မေလ ၁၅ ရက်က ရန်ကုန်မြို့Dolphin စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။  မြန်မာနိုင်ငံရှိ စားသောက်ဆိုင်လုပ်ငန်းများ နိုင်ငံတကာအဆင့်မီ တိုးတက်ဖွံ့ဖြိုးစေဖို့နဲ့ စားသောက်ဆိုင်များ ၀န်ဆောင်မှုအရည်သွေး မြင့်မားတိုးတက်စေဖို့၊ မြန်မာ့အစားစာများကို ကမ္ဘာကသိအောင် ဖော်ပြနိုင်ဖို့ ဆွေးနွေးပွဲနဲ့  နှစ်ပတ်လည်အစည်းအဝေး ကျင်းပရတာဖြစ်တယ်လို့ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနေလင်းက ပြောပါတယ်။အစည်းဝေးမှာတော့ အသင်းဝင်ထားတဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက စားသောက်ဆိုင် ဆိုင်ရှင်များရဲ့ တွေ့ကြုံနေရတဲ့အခက်ခဲတွေ အကြံဥာဏ်များကိုအချင်းချင်း ဖလှယ်ခဲ့ကြပြီး ၂၀၁၅-၂၀၁၆ ခုနစ်အတွင်းအသင်းရဲ့လှုပ်ရှားမှုအခြေနေတွေကိုပါ ဆွေးနွေးသွားခဲ့ပါတယ်။

 မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှာ အသင်းဝင်လိုပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က တရားဝင်ခွင့်ပြုထားပြီး စားသုံးသူအနည်းဆုံးအယောက်(၂၀)ကို တစ်ပြိုင်နက် တည်ခင်းကျွေးမွေးဝန်ဆောင်မှုပေးတဲ့ ဆိုင်များအားလုံးဝင်ရောက် လျှောက်ထားခွင့် ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းကိုတော့ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ (၂၀၁၁)ခုနှစ်မေလ (၁၁)ရက်နေ့က စတင်ဖွဲ့စည်း တည်ထောင်ခဲ့တာလို့ သိရပါတယ်။ 

 

 

Related News