စစ်ကိုင်းတိုင်းဒေသကြီးအတွင်းချင်းတွင်းမြစ်ရေကြီးမှုကြောင့် ရေဘေးသင့်မိသားစုတွေအတွက် ရေဘေးရှောင်စခန်း (၉၉)ခုဖွင့်လှစ်ထားရှိရတယ်လို့စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရဲ့ ဇူလိုင်လ(၁၅)ရက်ညနေအထိစာရင်းတွေအရ သိရပါတယ်။
 
ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ကျေးရွာပေါင်း(၂၇)ရွာ ရေ၀င်နေတာဖြစ်ပြီး နေအိမ်(၂၃)လုံး မျောပါခဲ့တဲ့အပြင် ရေဘေးဒဏ်သင့် မိသားစုပေါင်း(၂၇၀၀)ကျော်ရှိနေတယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနက သိရပါတယ်။
 
ကယ်ဆယ်ရေး စခန်းတွေအနေနဲ့ သီးသန့်ဖွင့်လှစ်ထားတာမျိုးမဟုတ်ပဲ ဒေသအလိုက် ရေလွတ်ရာကုန်းမြင့်ဒေသ တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ရေဘေးရှောင်စခန်းတွေကို ဖွင့်လှစ်ထားရှိတာဖြစ်တယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနအနေနဲ့ ရေဘေးရှောင်စခန်း တွေကို ရိက္ခာခြောက်တွေကို ထောက်ပံ့နေတယ်လို့သိရပါတယ်။
 
စစ်ကိုင်းတိုင်းဒေသကြီးမှာ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ရေကြောင်းသွားလာမှုကိုလည်း ဇူလိုင်လ(၁၈)ရက်အထိကန့်သတ်ထားပေမယ့် သက်ဆိုင်ရာ ခရိုင်ရုံးတွေကနေ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အတွက် လက်ရှိကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေရာမှာ အခက်အခဲမရှိဘူးလို့ သိရပါတယ်။
 
ရေကြီးမှုကြောင့် ဆက်သွယ်ရေးဆိုင်ရာ အခက်အခဲအနည်းငယ် တွေ့ကြုံနေရတာမျိုးရှိတယ်လို့ဆိုပါတယ်။စစ်ကိုင်းတိုင်းအထက်ပိုင်းဘက်မှာ ချင်းတွင်းမြစ်ရေကျလာတဲ့အတွက် စစ်ကိုင်းတိုင်းအောက်ပိုင်း မှာတော့ မြစ်ရေကြီးတဲ့ အန္တရာယ်ကိုသတိထားသင့်တယ်လို့ မိုးလေ၀သနှင့်ဇလဗေဒညွန်ကြားမှုဦးစီး ဌာနက သိရပါတယ်။
 
 

Related News