ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့မှာထားဖို့ ဒေသခံတွေကိုယ်တိုင် ရန်ကုန်မှာလာအပ်ထားတဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ ပုံစံတူကြေးရုပ်တွေ ပြီးစီးသွားပြီဖြစ်ပါတယ်။ ဒါကြောင့် ဇူလိုင်လ (၁၅)ရက်ကစပြီး ရန်ကုန်ကနေ မြ၀တီမြို့ကို စတင်သယ်ဆောင်နေပြီး မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့က တာဝန်ယူပို့ဆောင်ပေးနေတာဖြစ်ပါတယ်။
 
ဒါကတော့ မြ၀တီမြို့ကိုသယ်ဆောင်နေတဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ ပုံစံတူ ကြေးရုပ်တွေပါ။ မြ၀တီမြို့ခံတွေရဲ့ငွေကြေးနဲ့ ပြီးခဲ့တဲ့မတ်လလောက်ကတည်းက ရန်ကုန်က ပန်းပုပညာရှင် အောင်ကျော်ထွန်းဆီမှာ လာရောက်အပ်နှံထားတဲ့ ကြေးရုပ်တွေလည်း ဖြစ်ပါတယ်။
 
အမြင့် ၉ပေရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကတော့ ပြီးခဲ့တဲ့ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အနေနဲ့ မြ၀တီမြို့ကို ရောက်ရှိနေပြီဖြစ်ပြီး အခုကတော့ ကျန်တဲ့အာဇာနည်ရှစ်ဦးရဲ့ ကြေးရုပ်တွေ ဖြစ်ပါတယ်။အခုပုံစံတူကြေးရုပ်တွေဟာ အမြင့် ၂ပေခွဲ စီရှိပြီး တစ်ရုပ်ကို ကြေးပိဿာချိန် ၅၀နဲ့ထုလုပ် ထားတာပါ။
 
တစ်ရုပ်ကို သိန်း ၅၀စီ ကုန်ကျတယ်လို့လည်းသိရပါတယ်။ဒီအာဇာနည်ရှစ်ဦးရဲ့ ပုံစံတူကြေးရုပ်တွေကိုတော့ ရန်ကုန်ကနေ၊ပဲခူး၊ ဘီးလင်း၊ သထုံ၊ ဘားအံမြို့ တွေကိုဖြတ်ပြီး မြ၀တီမြို့ကိုသယ်ဆောင်မှာပါ။ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှာပါဝင်တဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက လိုက်လံပို့ဆောင်ပေးနေပြီး လာမယ့်အာဇာနည်နေ့အမီ မြ၀တီမြို့ အာဇာနည် ပန်းခြံမှာထားရှိမှာဖြစ်တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ဟာ ပရဟိတအဖွဲ့တွေ၊ လူမှုကူညီရေးအဖွဲ့တွေ စုပေါင်းထားတာဖြစ်ပြီး ၂၀၁၂ခုနှစ်က ကရင်ပြည်နယ် မြ၀တီမြို့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ တိုင်းနဲ့ ပြည်နယ်အလိုက်ဖွဲ့စည်းထားပြီးဖြစ်ကာ ရန်ကုန်တိုင်းမှာတော့ မြို့နယ် ၄၇ မြို့က ပရဟိတအဖွဲ့ ၆၀ကျော် ပါဝင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
 
 

Related News