ယာဉ်မောင်းသူများ မီးအချက်ပြမှု မှန်ကန်စေရေး ကွင်းဆင်းပညာပေး အစီအစဉ်ကို သြဂုတ်လ ၁၂ ရက် က မန္တလေးမြို့ အမရပူရမြို့နယ် ရန်ကုန် မန္တလေး အမြန်လမ်းမကြီး တံခွန်တိုင် တိုးဂိတ်မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ ယာဉ်မောင်းများ လိုက်နာရမယ့် လက်ယာဘက်မီးအချက်ပြစနစ်ကို ကွင်းဆင်း ပညာပေး ခဲ့တာဖြစ်ပါတယ်။အချက်ပြမီးစနစ်နဲ့ပတ်သတ်ပြီး ပညာပေးရတာဟာ မော်တော်ယာဉ်မောင်းသူများ မီးအချက်ပြစနစ် မှန်ကန်မှု ရှိစေရန်၊ လိုက်နာကျင့်သုံးကြစေရန်၊ အမျိုးသားယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီရဲ့အသိပေး နှိုးဆော်ချက်ကို ယာဉ်မောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိကြစေရန် အတွက် ကွင်းဆင်း ပညာပေးတာဖြစ်တယ်လို့ သိရပါတယ်။

မော်တော်ယာဉ်တွေဟာ တစ်စီးနဲ့ တစ်စီး ကျော်တက်ရာမှာ ရှေ့မှယာဉ်ဟာ နောက်မှကျော်တက်လိုတဲ့  မော်တော်ယာဉ်ကို ကျော်တက်နိုင်ကြောင်း ယာဉ်ရဲ့လက်ယာ ဘက်မီးကိုအချက်ပြခြင်းက အမှန်ဖြစ်သော်လည်း အဝေးပြေး လမ်းမကြီးများပေါ်မှာမောင်းနှင်တဲ့ ကားကြီးယာဉ်မောင်း အများစုကတော့ ယာဉ်ရဲ့လက်ဝဲဘက်မီး အချက်ပြသုံးစွဲနေခြင်းကြောင့် မလိုလားအပ်တဲ့  ယာဉ်မတော်တဆမှုတွေ အများဆုံးဖြစ်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

မန္တလေးတိုင်းဒေသကြီးမှာ  ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအတွင်း ယာဉ်တိုက်မှုပေါင်း (၁၃၃၂) မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ (၁၈၂၇) ဦး သေဆုံးသူ (၄၇၆) ဦး ရှိကြောင်း အမှတ် ၃ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) သိရပါတယ်။၂၀၁၇ ခုနှစ် စက်တင်ဘာလ(၁)ရက်စပြီး  နောက်မှကျော်တက်လိုတဲ့ ယာဉ်များကျော်တက်ပါက  ယာဉ်ရဲ့ လက်ယာဘက် မီးကို အချက်ပြခြင်းစနစ်ကိုအသုံးပြုပြီး တစ်နိုင်ငံလုံးရှိ မြို့တွင်းလမ်း၊ မြို့ပြင်လမ်း၊ အဝေးပြေးလမ်း၊ အမြန်လမ်းအားလုံးက ယာဉ်မောင်းများအားလုံး လိုက်နာဆောင်ရွက်စေလိုကြောင်း ၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီမှ အသိပေးနှိုးဆော်ထားကြောင်း သိရှိရပါတယ်။

 

Related News