အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ (၂၁)ကြိမ်မြောက်ပြုလုပ်တဲ့ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် စင်တင်တင်ဆက်ပွဲကို စက်တင်ဘာလ(၁၁)ရက်က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာကျင်းပခဲ့ပါတယ်။ (၂၁)ကြိမ်မြောက် ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် စင်တင်တင်ဆက်ပွဲမှာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) မေဂျာအသီးသီးမှ ၀ိဇ္ဇာ(ဂုဏ်ထူးတန်း) ဘွဲ့ယူကြမယ့် ကျောင်းသား ကျောင်းသူတွေနဲ့ ဘွဲ့လွန်အနုပညာဒီပလိုမာဘွဲ့ယူကြမယ့် ကျောင်းသားကျောင်းသူတွေရဲ့ ဘွဲ့ယူလက်ရာမွန်တွေကို ပြသခဲ့တာဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်နဲ့ပြဇာတ်လောကအတွက် အဆင့်အတန်း ပိုမိုမြင့်မားလာရေးဟာ ကြီးမားတဲ့ တာဝန်တစ်ရပ်ဖြစ်တာကြောင့် ရုပ်ရှင်နှင့်ပြဇာတ် ပညာဌာနမှ မျိုးဆက်သစ်များကလည်း တာဝန်ကိုယ်စီကျေပွန်အောင် ထမ်းဆောင်နိုင်ရမှာဖြစ်တယ်လို့ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန ဌာနမှူးမှပြောပါတယ်။
 
မြန်မာ့ရိုးရာအနုပညာရပ်များကို ထိန်းသိမ်းရေးနဲ့ တိုးတက်ပြန့်ပွားအောင်ဆောင်ရွက်ရေးဟာ တက္ကသိုလ်ရဲ့အဓိကရည်မှန်းချက်ဖြစ်တာနဲ့အညီ ကျောင်းသား၊ကျောင်းသူများကို မိမိတို့ရဲ့ ရိုးရာအနုပညာရပ်များအပေါ် ချစ်ခင်မြတ်နိုးတတ်စေပြီး ထိန်းသိမ်းတတ်စေရန်နဲ့ ရိုးရာပညာရပ်များကို ထိန်းသိမ်းရာမှာ ရှေးမူမပျက်၊ ရှေးသမားအစဉ်အတိုင်း ထိန်းသိမ်းထားနိုင်ရေးအတွက် ဦးတည် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ (၂၁)ကြိမ်မြောက် ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် စင်တင် တင်ဆက်ပွဲမှာ ပန်းချီ၊ပန်းပု လက်ရာများ၊ ဂီတသဘင်နဲ့ စင်တင်တင်ဆက်မှုများ၊ ရုပ်ရှင်ဇာတ်လမ်းတိုများစတဲ့ အခမ်းနားများနဲ့ ကျင်းပပြုလုပ် ခဲ့တာပါ။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှာ ရုပ်ရှင်နှင့်ပြဇာတ်ဌာနကို (၂၀၀၇)ခုနှစ်မှစတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး (၁၀)နှစ်ကျော် ကြာမြင့်နေပြီဖြစ်တယ်လို့ သိရပါတယ်။
 
 

Related News