(၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ ဒုတိယအကြိမ် သန့်ရှင်းရေး လုပ်အားပေးမှုကို ရွှေတိဂုံစေတီတော်မှာ စက်တင်ဘာလ(၂၃)ရက်က ပြုလုပ်ခဲ့ပါတယ်။ လာမယ့်အောက်တိုဘာလ(၁)ရက်နေ့မှာ ကျရောက်မယ့် (၅၃)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ်  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဒုတိယအကြိမ်သန့်ရှင်းရေး လုပ်အားပေးမှုကို ရွှေတိဂုံစေတီတော်မှာ ရဲတပ်ဖွဲ့ဝင်အင်အား(၂၅၀)နဲ့ ပြုလုပ်ခဲ့တာပါ။
 
တပ်ဖွဲ့ဝင်တွေဟာ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်မှာ တံမြက်စီး လှဲတာ၊ စေတီပုထိုးတွေပေါ်က ရေညှိတွေနဲ့ ဆီးမီးထွန်းခုံတန်းတွေပေါ်က ဖယောင်းချက်တွေကို ခြစ်ထုတ်ဆေးကြောတာ စတာတွေကို သန့်ရှင်းရေးလုပ်အားပေး ဆောင်ရွက်ပေးခဲ့တာပါ။တိုင်းတပ်ဖွဲ့အနေနဲ့ ခုလိုလုပ်ဆောင်တာအပြင် မြို့နယ်တွေအနေနဲ့လဲ ကိုကိုးကျွန်းမပါ ကျန်(၄၄)မြို့နယ်က ရဲတပ်ဖွဲ့တွေဟာ မြို့နယ်အတွင်းရှိ ဆေးရုံနဲ့စေတီပုထိုးတွေကို အောက်တိုဘာလ (၁)ရက်နေ့ မတိုင်ခင်ထိသန့်ရှင်းရေးလုပ်အားပေးတာတွေ လုပ်သွားဖို့ရှိတယ်လို့လည်းသိရပါတယ်။
 
ပထမအကြိမ်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပရ၀ဏ်အတွင်း မြက်၊ချူံ၊နွယ်စတာတွေ ခုတ်ထွင်းရှင်းလင်းခြင်း အပါအ၀င် ဆေးရုံသန့်ရှင်းရေးကို တပ်ဖွဲ့ဝင်အင်အား(၅၀၀)၀န်းကျင်နဲ့ လုပ်အားပေးပြုလုပ်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်(၁၅၀)ခန့်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အမျိုးသား သွေးလှူဘဏ်မှာ သွေးလှူဒါန်းတာတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
 
 

Related News