Yangon Water Bus  ကို အောက်တိုဘာ(၇)ရက်မှာ ပြေးဆွဲမှာဖြစ်ပြီး   အောက်တိုဘာ (၆)ရက် ဒီကနေ့မှာ ဗိုလ်တထောင်ဆိပ်ကမ်းမှာ ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်။ Yangon Water Bus ပြေးဆွဲမှု ပထမအဆင့်အနေနဲ့ ရန်ကုန်မြစ်ရှိ ဆိပ်ကမ်း(၇)ခုမှာ ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။
 
ပြေးဆွဲပေးမယ့် ခရီးစဉ်လမ်းကြောင်းတွေကတော့ ဗိုလ်တထောင် ဆိပ်ကမ်း၊ လမ်းသစ်ဆိပ်ကမ်း၊ ကြည့်မြင်တိုင်ဆိပ်ကမ်း၊ ရွှေပိတောက်ဆိပ်ကမ်းနဲ့ အင်းစိန်ဆိပ်ကမ်း အစရှိတဲ့ မှတ်တိုင်တွေကို ရေယာဉ်(၅)စီးနဲ့ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ စီးနင်းတဲ့ခရီးသည်တွေ အဆင်ပြေစေဖို့ ရေယာဉ်တွေရဲ့ခရီးစဉ်လမ်းကြောင်းနဲ့ရောက်ရှိချိန်တွေကိုလည်း ဆိပ်ခံတံတားတွေမှာ ပြသထားပြီးဖြစ်ပါတယ်။ ရေယာဉ်ပေါ်မှာစီးနင်းတဲ့ ခရီးသည်တွေ၊ ရုံးဝန်ထမ်းတွေအတွက် စားသောက်ရေး အဆင်ပြေစေဖို့ ဈေးသက်သက်သာသာနဲ့ နံနက်စာနဲ့ ထမင်းဘူးတွေလည်း ရောင်းချပေးသွား မယ်လို့ ပြောပါတယ်။
 
ပြေးဆွဲပေးမယ့် ရေယာဉ်တွေပေါ်မှာ ခရီးသည်တွေအတွက် လုံခြုံမှုရှိစေဖို့ GPS စနစ်၊CCTV ကင်မရာတွေပါတပ်ဆင်ထားရှိပြီး အခက်အခဲဖြစ်ပေါ်ပါက ဖြေရှင်းပေးနိုင်ဖို့ အတွက် Control Center  ပါထားရှိပေးထားတယ်လို့ သိရပါတယ်။  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ရန်ကုန်မြို့ရဲ့ယာဉ်ကြောကြပ်တည်းမှုကို ဖြေလျော့နိုင်ဖို့အတွက် Yangon Water Bus ပြေးဆွဲပေးဖို့ တင်ဒါခေါ်ယူမှုတွေ လုပ်ဆောင်ခဲ့ပြီး တင်ဒါအောင်မြင်ခဲ့တဲ့ တင့်တင့်မြန်မာကုမ္ပဏီက ပြေးဆွဲခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
 
တင့်တင့်မြန်မာ ကုမ္ပဏီအနေနဲ့ ရေယာဉ်စီးနင်းတဲ့လူဦးရေပေါ်မူတည်ပြီး နောက်ပိုင်းမှာ အစီးရေထပ်မံတိုးချဲ့သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင်ဒုတိယအဆင့်အနေနဲ့ မြောက်ဒဂုံမြစ်ကြောင်းမှာလည်း ရေယာဉ်ပြေးဆွဲဖို့ ထပ်မံဆောင်ရွက်နေတာဖြစ်ပြီး တတိယအဆင့်အနေနဲ့တော့ Star City သံလျင်ဘက်ကိုလည်း တိုးချဲ့ပြေးဆွဲပေးဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
 
 

Related News