လာမယ့် အောက်တိုဘာ၁၅ရက်နေ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA ) လက်မှတ်ရေးထိုးတဲ့ နှစ်နှစ်ပြည့်နေ့ဖြစ်ပါတယ်။ ဒီအခမ်းအနားကိုတော့ နိုင်ငံတော်အဆင့်ပြုလုပ်ဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်ဆီက မူဝါဒရပြီဖြစ်တယ်လို့ သိရပါတယ်။NCA   လက်မှတ်ထိုးတဲ့ နှစ်ပတ်လည်အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံရုံးက တာဝန်ယူကျင်းပမှာဖြစ်တယ်လို့ အပစ်ရပ်အဖွဲ့ကိုယ်စားလှယ် PNLO  ခေါင်းဆောင် ခွန်ဥက္ကာက ပြောပါတယ်။နိုင်ငံတော် အဆင့်ဖြစ်တာကြောင့် အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့များမှ အနည်းဆုံးခေါင်းဆောင် သုံးဦးလောက် မိန့်ခွန်းပြောဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

မနှစ်က နေပြည်တော် MICC  (၁) မှာ ပြုလုပ်ခဲ့တဲ့ အစိုးရသစ်လက်ထက် ပထမဆုံး ကျင်းပတဲ့ NCA  တစ်နှစ်ပြည့်အခမ်းအနားမှာတော့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဒုတိယ သမ္မတတွေ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် အပစ်ရပ်အဖွဲ့တွေက ခေါင်းဆောင်တွေတက်ရောက်ခဲ့ပါတယ်။အခုနှစ်အခမ်းအနားအတွက် ဘယ်သူတွေကိုဖိတ်ကြားမလဲ၊ အခမ်းအနားကို ဘယ်လိုပုံစံကျင်းပ မလည်းဆိုတာကတော့ အောက်တိုဘာ ၁၀ရက်နေ့ နေပြည်တော်မှာ NCA လက်မှတ်ထိုးတားတဲ့ (၈)ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ အစိုးရကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြမှာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၁ရာစု ပင်လုံဒုတိယအစည်းအဝေးပြီးနောက်ပိုင်း  ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အနည်းငယ်အေးနေတဲ့ ပုံစံမျိုးရှိနေပေမယ့် လာမယ့်အောက်တိုဘာ ၁၅ နောက်ပိုင်းမှာတော့ အစိုးရနဲ့အပစ်ရပ်အဖွဲ့တွေကြားတွေ့ဆုံမှု၊ NCA  မထိုးထားတဲ့အဖွဲ့တွေပါတဲ့ UNFC  နဲ့ အစိုးရကြား တွေ့ဆုံမှု၊ လာမယ့် ၂၁ရာစုပင်လုံတတိယအစည်းအဝေးအတွက် UPDJC  အစည်းအဝေးတွေ၊ အပစ်ရပ်အဖွဲ့တွေတောင်းဆိုထားတဲ့ NCA  အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး JICM  လိုမျိုးဟာတွေရှိနေတာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နည်းနည်းအလုပ်ရှုပ်ဖို့ ရှိနေတယ်လို့ အပစ်ရပ်အဖွဲ့ကိုယ်စားလှယ် ခွန်ဥက်္ကာက သုံးသပ်ပါတယ်။    ဒါ့အပြင် ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို လာမယ့် ဒီဇင်ဘာ ဒုတိယအပတ်အတွင်း ကျင်းပဖို့ မျှော်မှန်းချက်က လက်ရှိအချိန်ထိရှိနေသးတယ်လို့လည်းဆက်ပြောပါတယ်။KNU ၊RCSS ၊DKBA  ၊PNLO ၊KNLA-PC ၊ ALP ၊ ABSDF  နဲ့ CNF စတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၈)ဖွဲ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားတာဖြစ်ပြီး လာမယ့်အောက်တိုဘာ(၁၅)ရက်နေ့ဆို နှစ်နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ 

 

 

Related News