ယခု နိုဝင်ဘာ ၁၅ ရက်ကနေ ၂၃ ရက်အတွင်း ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေမှာ ထိုးနှံပေးမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ ကျောင်းနေအရွယ်ကလေး ၁၁သိန်းကို  ကာကွယ်ဆေးထိုးနှံပေးသွားမှာ ဖြစ်တယ်လို့ နိုဝင်ဘာလ (၈)ရက်ကပြုလုပ်တဲ့ တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲကနေ သိရပါတယ်။

 ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံဖို့ စာသင်ကျောင်းပေါင်း တစ်ထောင်ကျော်မှာ ဆေးထိုးစုရပ်တွေ ပြင်ဆင်ပေးထားပြီး ကာကွယ်ဆေးထိုး အဖွဲ့ပေါင်း (၁၀၃၁) ဖွဲ့က တာဝန်ယူ ထိုးနှံပေးမှာဖြစ်တယ်လို့ သိရပါတယ်။ 

နိုဝင်ဘာလ ၁၅ ရက်ကစပြီး ထိုးနှံမယ့် ကာကွယ်ဆေး အစုလိုက်ထိုးနှံတဲ့ လုပ်ငန်းက အသက် ငါးနှစ်ကနေ တစ်ဆယ့်ငါးနှစ်အရွယ် ကျောင်းနေကလေးတွေကို ဦးစားပေးထိုးနှံပေးတဲ့ အစီအစဉ်ဖြစ်တာကြောင့် အစိုးရကျောင်းတွေအပြင်  နိုင်ငံတကာ စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ ပရဟိတစာသင်ကျောင်းတွေနဲ့ မိဘမဲ့ဂေဟာနေ ကလေးများကိုပါ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ 

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးက ဈေးကွက်ထဲကို ရောက်တာကြာနေပြီဖြစ်ပေမဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းမှာတော့ ပထမဦးဆုံးထိုးနှံပေးတာဖြစ်တာကြောင့် ရပ်ကွက်ကျေးရွာတွေထဲမှာ အသံချဲ့စက်နဲ့ အသိပေးတာ၊ ကာကွယ်ဆေးထိုးလုပ်ငန်းအကြောင်း စာစောင်တွေ ဝေမျှတာစတဲ့ နည်းလမ်းတွေနဲ့ ကလေးမိဘတွေကို အသိပညာပေးရမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က 

တိုက်တွန်းပြောဆိုခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၄၅ မြို့နယ်လုံးကနေ ကာကွယ်ဆေးထိုးလုပ်ငန်း အသေးစိတ်စီမံချက်တွေ ရရှိပြီးဖြစ်တာကြောင့် စာသင်ကျောင်းတွေမှာ ကာကွယ်ဆေးထိုးနှံဖို့ အဆင်သင့်ဖြစ်နေပြီလို့သိရပါတယ်။

ကာကွယ်ဆေးထိုး လုပ်ငန်းဆောင်ရွက်ဖို့ အသိပညာပေးတာကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်နေပြီး ကာကွယ်ဆေးသိုလှောင်တဲ့ အအေးလမ်းကြောင်းစနစ်ကို ထိန်းသိမ်းနိုင်ဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကလည်း လျှပ်စီးမီး မပြတ်တောက်ရေးနဲ့ အရေးပေါ်သုံးမီးစက်တွေ အကူအညီပေးသွားမှာဖြစ်ပါတယ်။ ဆေးထိုးတဲ့အဖွဲ့တွေအတွက် ဆရာမတွေနဲ့ လုပ်အားပေးတွေကို သင်တန်းပို့ချပေးထားပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ထိုးနှံပေးသွားမယ်လို့သိရပါတယ်။

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်မှာ ထည့်သွင်းပြီး ၂၀၁၈ ခုနှစ်မှစတင်ကာ အသက်ကိုးလအရွယ်ကလေးတွေကို ပုံမှန်ထိုးနှံပေးသွားမယ်လို့သိရပါတယ်။

 

 

Related News