မြ၀တီနယ်စပ်ကနေ ငါးတန်၊ငါးမြစ်ချင်း၊ငါးမဲလုံးစတဲ့ မွေးမြူရေးငါးတွေ ဆက်တိုက် ၀င်ရောက်နေတာကြောင့် ပြည်တွင်းငါးမွေးတောင်သူတွေ ဈေးကွက်ထဲမှာ အခက်ကြုံနေတယ်လို့ သိရပါတယ်။ 
 
၂၀၁၇ ခုနှစ်အစပိုင်းတည်းက စံပြငါးဈေးနဲ့ ရွှေပိတောက်ငါးဈေးတွေထဲ နယ်စယ်မှငါးများ ၀င်ရောက်နေသလို ငါးခြောက်ဒိုင်တွေမှာ ကုန်ကြမ်းအဖြစ် အသုံးပြုဖို့ တိုက်ရိုက်ရောင်းချနေတယ်လို့ သိရပါတယ်။ 
 
ဒီလို တရားမ၀င်ငါးတွေ တင်သွင်းနေတာက ပြည်တွင်းငါးဈေးကွက်ကို ထိခိုက်တယ်ဆိုပြီး ငါးမွေးမြူရေးလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ အပတ်စဉ် အစည်းအဝေးမှာ တင်ပြမှုတွေရှိနေပါတယ်။ 
 
တရားမ၀င်ငါးတွေက ထိုင်းနိုင်ငံဘက်ကနေ အဓိက ၀င်ရောက်တာဖြစ်ပြီး ထုတ်လုပ်မှုစရိတ်ကွာတာကြောင့် ထိုင်းငါးတွေက ပိုပြီးဈေးချိုတယ်လို့ သိရပါတယ်။ဒီလို တရားမ၀င်သွင်းတဲ့ငါးတွေကြောင့် ပြည်တွင်းငါးဈေးကွက်မှာ အခက်ကြုံနေသလို အခွန်အခဆောင်ပြီး အရည်အသွေးပြည့်မီတဲ့ ပြည်ပကငါးတွေကို ငါးလုပ်ငန်းဦးစီးဌာနက တရားဝင်တင်သွင်းခွင့်ပြုထားတာကြောင့်  ပြည်တွင်းငါးမွေးမြူရေးလုပ်ငန်းရှင်များအနေနဲ့ ဈေးကွက်ထဲမှာ ပြည်ပငါးတွေကို ယှဉ်မရောင်းနိုင်ဘူးလို့သိရပါတယ်။
 
ငါးလုပ်ငန်းဦးစီးဌာနကတော့  တရားမ၀င်ငါးတွေကို ဖမ်းဆီးဖို့ကော်မတီဖွဲ့ရန် တိုင်းဒေသကြီးအစိုးရကို တင်ပြထားဆဲ ဖြစ်ပါတယ်။ ငါးလုပ်ငန်းရှင်တွေက သတင်းပေးရင်တော့ တရားမ၀င် ငါးသယ်ဆောင်လာတဲ့ ကားတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဖမ်းဆီပေးသွားမယ်လို့ ငါးလုပ်ငန်းဦးစီးဌာနရဲ့ တိုင်းဦးစီးမှူးက ပြောပါတယ်။
 
ပြည်တွင်းမှာ မွေးမြူထုတ်လုပ်နေတဲ့ငါးတွေက ပြည်ပက၀င်ရောက်နေတဲ့ ငါးတွေကို အရည်အသွေးအရရော ဈေးကွက်အရရော မယှဉ်ပြိုင်နိုင်တာကြောင့် သမာရိုးကျ မွေးမြူရေးစနစ် တစ်ခုလုံးကို ပြောင်းလဲရန် အဆင့်မြင့် ငါး၊ ပုစွန်မွေးမြူရေးဇုန်တစ်ခု ဖော်ဆောင်ရန် စီစဉ်နေတယ်လို့ သိရပါတယ်။ လက်ရှိလည်ပတ်နေတဲ့ ပြည်တွင်းငါးမွေးမြူရေးစနစ်အရ အစာဈေးကြီးပြီး ထုတ်လုပ်မှုစရိတ်မြင့်တက်တာကြောင့် ဈေးကွက်လိုအပ်ချက်အတိုင်း မွေးမြူထုတ်လုပ်နိုင်ရန် ခက်ခဲနေတယ်လို့သိရပါတယ်။
 
 

Related News