မြန်မာ-ဂျပန်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း မှကြီးမှူးကျင်းပတဲ့ ဆဋ္ဌမအကြိမ်မြောက် ဂျပန်စတိုင်(၁၀)ပြားဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ(၁၇)ရက်နေ့မှာရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်သွားမယ်လို့ မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ သတင်းစာရှင်းလင်း ပွဲမှ သိရပါတယ်။ဂျပန်စတိုင်(၁၀)ပြားဈေးရောင်းပွဲတော်မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ၊ ဂျပန်လူမျိုးတွေ၊ မြန်မာ-ဂျပန်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်းနဲ့ ဂျပန်နိုင်ငံရောက် သင်္ဘောသားတွေ၊ ပြည်တွင်းရှိဂျပန်အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေအပါအ၀င် စုစုပေါင်း ဆိုင်ခန်း (၈၀)နီးပါး လာရောက်ခင်းကျင်းပြသရောင်းချသွားမယ်လို့ သိရပါတယ်။
 
အဆိုပါ ပွဲတော်မှာဈေးနှုန်း ငွေကျပ်(၅၀၀၀)မှစတင်ပြီး ငွေကျပ်တစ်သိန်းထက်မကျော်တဲ့ ဂျပန်လျှပ်စစ်ပစ္စည်းတွေ၊ ဂျပန်နိုင်ငံထုတ် အမျိုးသမီးအမျိုးသားအလှကုန်ပစ္စည်းတွေ၊ ဂျပန်ရိုးရာအရုပ်တွေ၊ ပြန်လည် အသုံးပြုလို့ရတဲ့ ဂျပန်နိုင်ငံထုတ်ပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ အခြားနိုင်ငံတွေမှရောင်းဖို့ ကျန်တဲ့ပစ္စည်းတွေလည်း လာရောက်ပြသရောင်းချသွားမှာဖြစ်ပြီး ပစ္စည်းအမျိုးအစားပေါင်း (၂၀၀)ကျော် ပါဝင်ပြသရောင်းချသွားမယ်လို့ သိရပါတယ်။
 
ဂျပန်စတိုင်(၁၀)ပြားဈေးရောင်းပွဲတော်ကိုလာရောက်မယ့်သူတွေအနေနဲ့ အစောဆုံးလာရောက် ရွေးချယ်ဝယ်ယူကြဖို့နဲ့ ကံစမ်းမဲအစီအစဉ်တွေလည်း ပြုလုပ်ပေးသွားမှာဖြစ်ပြီး ဂျပန်ကီမိုနို အလှဝတ်စုံတွေ ၀တ်ဆင်ကာ ဓာတ်ပုံရိုက်ကူးခြင်းအစီအစဉ်တွေလည်းပါဝင်မှာဖြစ်ပါတယ်။ ဒီဈေးရောင်းပွဲတော်ဟာ ဂျပန်နိုင်ငံရဲ့အလေ့အထတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံမှာ(၁၅)ရက်တစ်ကြိမ် သော်လည်းကောင်း၊ တစ်လတစ်ကြိမ်သော်လည်းကောင်း မြို့နယ်၊ ရပ်ကွက်အလိုက် ပျော်ပျော်ပါးပါး စုရုံးပြီး ဂျပန်(၁၀)ပြားဈေးရောင်းပွဲတော်ကို နေရာသတ်မှတ်ကြေညာပြုလုပ်ကြတယ်လို့ သိရပါတယ်။
 
 
 

Related News