လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အတွင်းဆွေးနွေးပွဲတွေမှာ နှစ်ဖက်ဆွေးနွေးဖက်တွေအနေနဲ့ စကားလုံး တစ်လုံးပေါ်မှာ ငြင်းခုန်မှုတွေ၊သဘောထားကွဲကွဲမှုတွေရှိနိုင်ပေမယ့် ပွဲပျက်အောင် ၊ပွဲရပ်အောင် မလုပ်ဆောင် သင့်ဘူးလို့ NCA လက်မှတ်ရေးထိုးပြီး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့  ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO) ရဲ့ နာယက ခွန်ဥက္ကာက တိုက်တွန်းပါတယ်။ပိုမိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲလမ်းစဉ်တွေသွားရောက်နိုင်ဖို့ စကားလုံး တစ်လုံးကြောင့် ဆွေးနွေးပွဲရပ်သွားတာမျိုးမဖြစ်သင့်ကြောင်းနဲ့ ညှိနှိုင်းအဖြေရှာကြဖို့ပြောပါတယ်။
 
လက်ရှိမှာတော့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ (UNFC) ကြားဆွေးနွေးမှုတွေဟာ စကားလုံးအသုံးအနှုန်းပေါ် သဘောတူညီချက်မရရှိတာ အပါအ၀င် အခြားအချက်တွေကြောင့် ဆွေးနွေးပွဲရပ်ဆိုင်းနေတာလို့ ဆွေးနွေးပွဲအတွင်း ပါဝင်သူ တစ်ဦးက ပြောထားပါတယ်။ လက်ရှိအပစ်ရပ်အဖွဲ့တွေတုန်းကလည်း စကားလုံး အသုံးအနှုန်းပေါ် အများကြီးညှိနှိုင်းခဲ့ရပြီး ဆွေးနွေးဖက် တွေ ရဲ့ အရည်အသွေး ကလည်းအရေးကြီးတယ်လို့ ခွန်ဥက္ကာကသုံးသပ်ပါတယ်။
 
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC တို့ဟာ နိုဝင်ဘာ၈ရက်နဲ့ ၉ရက်နေ့တွေက ရန်ကုန်မှာ နောက်ဆုံးအကြိမ်တွေ့ဆုံထားတာဖြစ်ပါတယ်။UNFC ဘက်ကတင်ပြထားတဲ့ အချက်ကိုးချက်ထဲက တစ်ချက်သာကျန်တော့ပြီး ခေါင်းဆောင်တွေရဲ့ အဆုံးအဖြတ် ခံယူဖို့သာ ကျန်တော့တယ်လို့ ထုတ်ပြန်ထားပေမယ့် နောက်ဆုံးဆွေးနွေးပွဲ ပျက်သွားသလို ဆွေးနွေးပွဲရပ်ဆိုင်း ထားတာလည်း အခုဆို တစ်လနီးပါးရှိနေပါပြီ။
 
အပစ်ရပ်အဖွဲ့တွေဘက်ကတော့ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ လက်မှတ်ထိုး လာနိုင်ဖို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး UNFC  နဲ့ အပစ်ရပ်အဖွဲ့တွေ တွေ့ဆုံနိုင်ဖို့လည်း ရှိတယ်လို့သိရပါတယ်။လက်ရှိ NCA မထိုးရသေးတဲ့ အဖွဲ့တွေအဖြစ် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)နဲ့ လားဟူဒီမိုကရက်တစ်အစည်းရုံး (LDU)စတဲ့တိုင်းရင်းသားလက်နက်ကိုင် (၄)ဖွဲ့က UNFC အဖြစ် ရှိနေသလို၊ “၀” KIO ၊ SSPP ၊TNLA ၊AA၊ MNDAA နဲ့မိုင်းလား အဖွဲ့တွေက မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ အဖြစ်ရှိနေတာပါ။
 
 
 

Related News