ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံမှာကုသမှုခံယူနေတဲ့ စိတ်ဝေဒနာရှင်တွေကို ဒီဇင်ဘာ (၆)ရက်က ပဲခူးရွှေမော်ဓေါဘုရားနဲ့ ရွှေသာလျောင်းဘုရားတို့အပြင် ရွှေပြည် Resort ကိုပါ ပြင်ပလေ့လာရေးခရီးအဖြစ် ပို့ဆောင်ပေးခဲ့ပါတယ်။ဒီလေ့လာရေးခရီးစဉ်ဟာ စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)မှာ နေထိုင်တဲ့ နာတာရှည် စိတ်ဝေဒနာသည် (၈၀)ဦးကို ပို့ဆောင်ပေးတာဖြစ်ပါတယ်။အဲဒိနာတာရှည်စိတ်ဝေဒနာသည်တွေဟာ ပိုင်ရှင်မရှိတဲ့လူနာတွေဖြစ်နေပြီး ဆေးရုံမှာသာနေထိုင်ရတဲ့အတွက် ငြီးငွေ့မှုတွေဖြစ်ပေါ်မှာစိုးတဲ့ အတွက် အခုလိုနှစ်စဉ်ခရီးထွက်ပေးတာ ဖြစ်တယ်လို့သိရပါတယ်။
 
စိတ်ဝေဒနာရှင်တွေကို ပြင်ပလေ့လာရေးခရီး ပို့ဆောင်ပေးတာဟာ စိတ်ထွက်ပေါက်တစ်ခု ရရှိစေမှာဖြစ်ပြီး စိတ်ကျန်းမာရေးပြန်လည်ကောင်းမွန်ဖို့အတွက် အခုလို ခရီးတွေထွက်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ စိတ်ဝေဒနာသည် တွေကို အခုလို ပြင်ပလေ့လာရေးခရီးစဉ်တွေကို တစ်နှစ်မှာ တစ်ခါပို့ဆောင်ပေးနေတာဖြစ်ပြီး အခုဆိုရင် ခြောက်ကြိမ်မြောက် ဖြစ်တယ်လို့ သိရပါတယ်။  
လက်ရှိရန်ကုန်စိတ်ကျန်းမာရေးဆေးရုံမှာ စိတ်ဝေဒနာသည် (၁၅၀၀)၀န်းကျင်ရှိနေပြီး စိတ်ဝေဒနာသည်တွေကို စောင့်ရှောက်ကုသပေးနေတဲ့ ဆရာ၊ ဆရာမ(၇၀)ကျော်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီလေ့လာရေးခရီးစဉ်ကို လူမှုကူညီရေးအသင်း (သင်္ဃန်းကျွန်း)က လိုအပ်တဲ့ ဘဏ္ဍာငွေရှာဖွေပြီး ဒီခရီးစဉ်မှာကူညီဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။
 
 
 

Related News